၁၄. ၁. ၂၀၂၃
Written by Ye Kyaw
မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်မှုတွင် နှစ်နိုင်ငံလုံး ဖွင့်လှစ်လိုက်ပြီဖြစ်ပြီး မန်းဝိန်းဂိတ်မှ ကုန်ကားများ တိုက်ရိုက်ဝင်ရောက်နိုင်ပြီဖြစ်ကြောင်း မူဆယ်ကုန်စည်ဒိုင်မှ သိရသည်။
”မြန်မာ-တရုတ်နယ်စပ်ဂိတ်များ (ဂျယ်ခေါင်-မန်ဝိန်း)ဂိတ် နှစ်နိုင်ငံလုံးဖွင့်လှစ်ပြီဖြစ်ပြီး မန်ဝိန်းဂိတ်မှ ကုန်ကားများ တိုက်ရိုက်ဝင်လို့ရပါပြီ” ဟု မူဆယ်သစ်သီးကုန်စည်ဒိုင် ဒုဥက္ကဋ္ဌ ဦးစိုင်းခင်မောင်က ပြောသည်။
တရုတ်နိုင်ငံသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၈ ရက်နေ့မှစ၍ တရုတ်-မြန်မာ နယ်စပ်ဂိတ်လမ်းကြောင်းဖြစ်သော ရွှေလီနယ်စပ်ဂိတ် ကျယ်ဂေါင်နန်းတော်ဂိတ်၊ ကုန်ပစ္စည်းစခန်း၊ တရုတ်-မြန်မာဈေးစသည့် လမ်းကြောင်းသုံးခု၌ လူ၊ ကုန်ပစ္စည်း ဖြတ်သန်းသွားလာမှုကို ပြန်လည်ဖွင့်လှစ်ခဲ့သည်။ ထိုသို့ မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ်ဂိတ် သုံးခုအား တရုတ်ဘက်မှ ပြန်လည်ဖွင့်လှစ်ပေးခဲ့သော်လည်း မြန်မာဘက်မှ ခွင့်မပြုခဲ့ခြင်းဖြစ်ပြီး ယနေ့မှသာ မြန်မာဘက်က ခွင့်ပြုခဲ့ခြင်းဖြစ်သည်။
ဖြတ်သန်းသွားလာခွင့် ပြန်လည်ဖွင့်လှစ်ပြီးနောက် ပြည်ဝင်ပြည်ထွက်သည့် ကုန်ပစ္စည်းယာဉ်များနှင့် မောင်းနှင်သူများသည် ကုန်ပစ္စည်းစခန်းလမ်းကြောင်းမှဝင်ထွက်ရမည်ဖြစ်ပြီး မြန်မာစံတော်ချိန် မနက် ၆ နာရီခွဲမှ ည ၉နာရီခွဲ ဖြစ်သည်။ ထုတ်ပြန်ကြေညာချက်တွင် (ပေကျင်းစံတော်ချိန် ၈:၀၀-၂၃:၀၀) အထိဖြစ်သည်။
ထို့အတူ အစိုးရဝန်ထမ်းနှင့် အတူလိုက်ပါသောယာဉ်များသည် နန်းတော်ဂိတ်လမ်းကြောင်းမှ ဝင်ထွက်ရမည်ဖြစ်ပြီး မြန်မာစံတော်ချိန် မနက် ၆ နာရီခွဲမှ ည ၁၀ နာရီ ဖြစ်သည်။ ထုတ်ပြန်ကြေညာချက်တွင် (ပေကျင်းစံတော်ချိန် ၈:၀၀-၂၁:၃၀ အထိဖြစ်သည်။)
အခြားလူပုဂ္ဂိုလ်နှင့် အသေးစားအိမ်စီးကား၊ နှစ်ဘီးဆိုင်ကယ်၊ အီလက်ထရောနစ်ဆိုင်ကယ်များကမူ တရုတ်-မြန်မာဈေးလမ်းကြောင်းမှ ဝင်ထွက်ရမည်ဖြစ်ပြီး မြန်မာစံတော်ချိန် မနက် ၆ နာရီခွဲမှ ည ၁၀ နာရီ ဖြစ်သည် ( ပေကျင်းစံတော်ချိန် ၈:၀၀-၂၁:၃၀) အထိဖြစ်သည်။