
၁.၂.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ထရန့်က မက္ကဆီကိုနိုင်ငံအပေါ်တွင် ကုန်သွယ်ခွန် ၂၅ ရာခိုင်နှုန်း၊ ကနေဒါနိုင်ငံအပေါ် ၂၆ ရာခိုင်နှုန်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အပေါ် ၁၀ ရာခိုင်နှုန်း အသီးသီးကို ဖေဖော်ဝါရီလ ၁ ရက်တွင် စတင် စည်းကြပ်သွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတအိမ်ဖြူတော်က ပြောကြားခဲ့သည်။
သို့သော် ဒေါ်နယ်ထရန့်က ကနေဒါနိုင်ငံ၏ ရေနံများအတွက် နိမ့်ကျသောစည်းကြပ်ခွန် ၁၀ ရာခိုင်နှုန်းကို ကောက်ခံမှုက ဖေဖော်ဝါရီလ ၁၈ ရက်မှသာ စတင်အသက်ဝင်မည်ဖြစ်ကြောင်း ဇန်နဝါရီလ ၃၁ ရက်တွင် ပြောခဲ့သည်။
ထို့ပြင် ဒေါ်နယ်ထရန့်က အနာဂတ်တွင် ဥရောပသမဂ္ဂအပေါ် ကုန်သွယ်မှုအတားအဆီးများလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောခဲ့သည်။ ဥရောပသမဂ္ဂအနေဖြင့် အမေရိကန်ပြည်ထောင်စုအပေါ် ကောင်းစွာဆက်ဆံခြင်းမရှိကြောင်းလည်း ၎င်းကပြောခဲ့သည်။
အိမ်ဖြူတော်သတင်းအတွင်းရေးမှူး ကာရိုလိုင်းလယ်ဗစ်က “ကနေဒါနဲ့ မက္ကဆီကိုတို့အနေနဲ့ ခွဲစိတ်မှုတွေမှာ နာကျင်မှုသက်သာစေတဲ့ Fentanyl ဆေးဝါးတွေကို ကျွန်တော်တို့နိုင်ငံအတွင်း ဥပဒေနဲ့မညီ တင်သွင်းခဲ့ကြတယ်။ ဒါက အမေရိကန်နိုင်ငံသား ၁၀ သန်းလောက်ကို အသက်ဆုံးရှုံးစေခဲ့တယ်” ဟု ပြောခဲ့ကြောင်းလည်း သိရသည်။
သမ္မတထရန့်က အမေရိကန်နယ်စပ်ကိုဖြတ်၍ ဝင်ရောက်လာကြသော တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများကိစ္စ ဖြေရှင်းရမည်ဖြစ်သလို အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်ရာတွင် ကုန်သွယ်ရေးလိုငွေပြနေမှုကိုလည်း ဖြေရှင်းရမည်ဟုလည်း ပြောကြားသွားခဲ့သည်။
ရွေးကောက်ပွဲမဲဆွယ်ပွဲကာလကဆိုလျှင် ထရန့်က တရုတ်နိုင်ငံမှ ပြုလုပ်သော ကုန်ပစ္စည်းများကို ၆၀ ရာခိုင်နှုန်းအထိ ကုန်သွယ်ခွန် စည်းကြပ်မည်ဟုပင် ခြိမ်းခြောက်ခဲ့သေးသည်။ သို့သော် ၎င်း၏ ပထမဆုံး သမ္မတတာဝန်ယူသည့်နေ့တွင် ထုတ်ပြန်ခဲ့သောအမိန့်များ၌ တရုတ်နိုင်ငံပါဝင်ခြင်းမရှိသေးဘဲ ၎င်း၏ အစိုးရအား ထိုကိစ္စအပေါ်လေ့လာရန် အမိန့်ပေးခဲ့သည်။
ဇန်နဝါရီလဆန်းပိုင်းကလည်း တရုတ်အစိုးရတာဝန်ရှိသူတစ်ဦးက ထရန့်အနေဖြင့် ဒုတိယအကြိမ် သမ္မတဖြစ်လာခြင်းက ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒ ပြန်လည်ရှင်သန်လာခြင်းနှင့်အတူ ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံနှစ်ခုအကြား ကုန်သွယ်ရေးစစ်ပွဲဖြစ်လာနိုင်ကြောင်း သတိပေးခဲ့သည်။
တရုတ်၊ ကနေဒါနှင့် မက္ကဆီကိုနိုင်ငံများက အမေရိကန်ပြည်ထောင်စု၏ ထိပ်တန်းကုန်သွယ်ဖက်များဖြစ်ကြပြီး ၂၀၂၄ ခုနှစ်အတွင်းက အမေရိကန်နိုင်ငံသို့ တင်သွင်းသော ကုန်များ၏ ၄၀ ရာခိုင်နှုန်းမှာ အဆိုပါ သုံးနိုင်ငံမှတင်သွင်းခြင်းလည်းဖြစ်သည်။
ထို့ကြောင့်လည်း ထိုနိုင်ငံများမှသွင်းကုန်များကို ကုန်သွယ်စည်းကြပ်ခွန်များမြှင့်တင်ခြင်းက တရုတ်နှင့်အမေရိကန်အကြား ဖြစ်ပွားစေနိုင်သည်သာမက အမေရိကန်နိုင်ငံအတွင်း ကုန်ပစ္စည်းဈေးနှုန်းများမြင့်တက်စေမည်ကိုပါ စိုးရိမ်နေကြောင်း သိရသည်။
Ref-bbc