
၁.၂.၂၀၂၅
Written By Zun
ထိုင်းနိုင်ငံသို့ (၂၂)ဘီးတွဲကားပေါ် ပုန်းခိုလိုက်ပါသည့် မြန်မာနိုင်ငံသား ၁၆၉ ဦးကို ယမန်နေ့ ဇန်နဝါရီလ ၃၁ ရက် နံနက်ပိုင်းက ကန်ချဘူရီခရိုင်၊ ထောင်ဖာဖုန်မြို့နယ်တွင် ဖမ်းမိခဲ့ကြောင်း ထိုင်းဒေသတွင်း သတင်းများအရ သိရသည်။


ဖမ်းဆီးခံရသည့် မြန်မာများမှာ အမျိုးသား ၁၀၂ ဦး၊ အမျိုးသမီး ၆၇ ဦး ပါဝင်ပြီး ဘုရားသုံးဆူဘက်က ထိုင်းနိုင်ငံထဲသို့ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာခြင်းဖြစ်ကြောင်း ထောင်ဖာဖုန်ရဲတပ်ဖွဲ့၏ထုတ်ပြန်ချက်ကို ကိုးကား၍ အဆိုပါသတင်းများတွင် ဖော်ပြထားကြသည်။
ယင်းတို့အနေဖြင့် ထိုင်းနိုင်ငံအတွင်း အလုပ်ကိုင်ရန် ဘုရားသုံးဆူဘက်ကတစ်ဆင့် ထိုင်းနိုင်ငံ၊ စံခလဘူရီမြို့နယ်ထဲသို့ တရားမဝင်လမ်းကြောင်းက ဝင်ရောက်လာခဲ့ကြခြင်းဖြစ်ကြောင်းနှင့် စံခလဘူရီကတစ်ဆင့် ကန်ချနဘူရီကိုဖြတ်၍ ထိုင်းနိုင်ငံအလယ်ပိုင်းသို့ သွားရောက်ကြမည်ဖြစ်ကြောင်း ဝန်ခံထွက်ဆိုသည်။

အဆိုပါ မြန်မာနိုင်ငံသားများကို (၂၂)ဘီးတွဲကားဖြင့် သယ်ဆောင်မောင်းနှင်သူမှာ ထိုင်းနိုင်ငံသားဖြစ်ပြီး ၎င်းထံမှ ဘတ် ၂ ဒသမ ၉ သန်း ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ ယခုအခါ အဆိုပါ ထိုင်းနိုင်ငံသားအား ထိန်းသိမ်းထားကာ ၎င်း၏ ပိုင်ဆိုင်မှုများကို စုံစမ်းစစ် ဆေးမှုများပြုလုပ်နေကြောင်းလည်း သိရသည်။
အဖမ်းခံထားရသည့် တရားမဝင် မြန်မာနိုင်ငံသားများကိုလည်း ထောင်ဖာဖုန်ရဲစခန်း၌ပင် ထိန်းသိမ်းထားပြီး ထိုင်းဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၉ ရက်ကလည်း ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်၊ ထောင်ဖာဖှုန်မြို့နယ်၊ အမှတ် (၁)၊ ထာ့ခနွန်ကျေးရွာအနီးတွင် တရားမဝင် မြန်မာနိုင်ငံသား ၁၁၀ ဦးနှင့် တာ့က်ခရိုင်၊ မဲဆောက်မြို့နယ်၊ ဟွေ့ ဟင်ဖွန်စစ်ဆေးရေးဂိတ်တွင် ၂၆ ဦး၊စုစုပေါင်း တစ်နေ့တည်း မြန်မာနိုင်ငံသား ၁၃၀ ကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း MT News က ဖော်ပြခဲ့သေးသည်။