
KIA ၊ KNU ၊ AA နှင့် CNF တို့က PDF နှင့် ပူးပေါင်းတိုက်ခိုက်မှုကိုပါ ကြုံခဲ့ရ
MT News
၁. ၂. ၂၀၂၅
ပြီးခဲ့သည့် ခြောက်လအတွင်း အကြမ်းဖက်တိုက်ခိုက်မှုအမျိုးမျိုးကြောင့် အပြစ်မဲ့ပြည်သူနှင့် နိုင်ငံ့ဝန်ထမ်း ၃၈၃ ဦး သေဆုံးခဲ့ရပြီး ပညာရေး/ကျန်းမာရေးနှင့် လူနေအဆောက်အဦအပါအဝင် အခြေခံအဆောက်အဦ ၅၁၆ လုံး ဖျက်ဆီးခံခဲ့ရသည်ဟု ယာယီသမ္မတ (တာဝန်) တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး(၁/၂၀၂၅) တွင် ပြောကြားသည်
ထပ်မံသက်တမ်းတိုးခဲ့သည့် ယခင် ၆ လတာကာလအတွင်း အကြမ်းဖက်တိုက်ခိုက်မှုအမျိုးမျိုးကြောင့် ထိခိုက်သေဆုံးပျက်စီးမှုကို ကြည့်မည်ဆိုပါက အပြစ်မဲ့ပြည်သူ/ နိုင်ငံ့ဝန်ထမ်း ၃၈၃ ဦး သေဆုံးခဲ့ရကြောင်း၊ ပညာရေး/ကျန်းမာရေးနှင့် လူနေအဆောက်အဦအပါအဝင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအဆောက်အဦ ၅၁၆ လုံးတို့ကို ဖျက်ဆီးခြင်းခံခဲ့ရကြောင်း၊ အစီရင်ခံသည့် ကာလအတွင်း ကချင်ပြည်နယ်တွင် KIA အကြမ်းဖက်သောင်းကျန်းသူများက PDF များနှင့် ပေါင်း၍ တရုတ် – မြန်မာနယ်စပ်ဒေသ၊ ဗန်းမော်ဒေသ၊ စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်ဒေသ၊ ကရင်ပြည်နယ်တွင် KNU အကြမ်းဖက်သောင်းကျန်းသူများသည် PDF များနှင့်ပေါင်း၍ ကရင်ပြည်နယ်၊ ကတိုင်တိဒေသ၊ မဲပလီဒေသ၊ အနန်းကွင်းဒေသ၊ ကော့ကရိတ်ဒေသ၊ ရခိုင်ပြည်နယ်တွင် AA အကြမ်းဖက်သောင်းကျန်းသူများသည် PDF များနှင့် ပေါင်း၍ မကွေးတိုင်း-ရခိုင်ပြည်နယ်အစပ်၊ ပဲခူးတိုင်း- ရခိုင်ပြည်နယ်အစပ်၊ ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်အစပ်ဒေသများတွင် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ချင်းပြည်နယ်တွင် CNF သောင်းကျန်းသူများသည် PDF များနှင့် ပူးပေါင်း၍ မင်းတပ်၊ ကန်ပက်လက်နှင့် ဖလမ်းမြို့တို့ကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်းလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
အဆိုပါ အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်နေမှုသည် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုကြောင့် ရွေးကောက်ပွဲရလဒ်ပယ်ဖျက်ခံရမှုအပေါ်တွင် မဲမသမာမှုပြုလုပ်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်ဟောင်းအချို့က လူထု၏စိတ်ခံစားချက်ကို အသုံးချပြီး သွေးထိုးလှုံ့ဆော်မှုများပြုလုပ်ခဲ့ခြင်းက အစပြုခဲ့ခြင်းဖြစ်ကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း EAO များအနေဖြင့်လည်း နိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်းပေါ်တွင် အခွင့် ကောင်းယူပြီး တိုင်းရင်းသားရေး၊ နိုင်ငံရေးအကြောင်းပြချက်များနှင့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့၏ အစွန်းရောက်ယူဆချက်များနှင့် ၎င်းတို့လှုပ်ရှားသည့် နယ်မြေများတွင် လှုံ့ဆော်အား ပေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ ပြည်တွင်းပြည်ပမှ နိုင်ငံတော်အကျိုးကို မလိုလားသည့် ပြည်ဖျက်မီဒီယာများနှင့် ပူးပေါင်းပြီး မဟုတ်မမှန်သတင်းများကိုလည်း ဝါဒဖြန့်ခဲ့ကြကြောင်း၊ နိုင်ငံတစ်ဝန်းလုံးအကြမ်းဖက်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာအောင် အချိန်ကိုက်ဟန်ချက်ညီညီဖြင့် လှုံ့ဆော်ခဲ့သည်ကို တွေ့ရကြောင်း၊ ထို့ပြင် ဆင်ခြင်တုံတရားရှိသည့် ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများကိုလည်း ခြိမ်းခြောက်ခြင်း၊ အကျပ်ကိုင်ခြင်းနှင့် ဖိအားပေးခြင်းများ ပြုလုပ်ခဲ့ကြကြောင်း၊ ထို့ကြောင့် နိုင်ငံတစ်ဝန်းလုံးတွင် အကြမ်းဖက်မှုများ ပိုမိုဖြစ်ပွားလာပြီး ပြည်သူများ၏ အသက်၊ အိုးအိမ်၊ ပစ္စည်းဥစ္စာများနှင့် ပြည်သူပိုင်အဆောက်အဦများစွာ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း၊ အဆိုပါဖြစ်ရပ်များ၏ အကျိုးမည်သူများ ရရှိခံစားရပါသလဲ၊ မည်သူမျှမရပါကြောင်း၊ နိုင်ငံ၏ ဆုံးရှုံးမှုများသာဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်ကို လိုလားပါသည်ဟုဆိုပြီး လှုံ့ဆော်အားပေးနေသည့် နိုင်ငံများ၊ လူပုဂ္ဂိုလ်များ စဉ်းစားကြရန်လိုကြောင်းလည်း ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်က ပြောကြားသည်။
ဥပမာအားဖြင့် ပြီးခဲ့သည့်နှစ်က လွိုင်ကော်မြို့ကို KNPP ၊ PDF အဖွဲ့များ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် လွိုင်ကော်မြို့မှ တက္ကသိုလ်အဆောက်အဦများ ထိခိုက်ပျက်စီးပြီး ကျောင်းပိတ်ခဲ့ရကြောင်း၊ လွိုင်ကော်တက္ကသိုလ်မှ အဆောက်အဦ ၄၄ လုံး ပျက်စီးခဲ့ပြီး ၎င်းတို့ကိုပြုပြင်ရန် ငွေကျပ် ၉ ဘီလျံခန့် ကုန်ကျရန်ရှိကြောင်း၊ အဆိုပါကုန်ကျစရိတ်သည် မူလတန်းကျောင်းအသစ် များစွာဆောက်လုပ်နိုင်ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများစွာ ဆောင်ရွက်ပေးနိုင်ကြောင်း၊ တက္ကသိုလ်တစ်ခုတည်း၏ ပျက်စီးမှုကိုသာ တွက်ချက်ထားခြင်းဖြစ်ကြောင်း၊ ကျန်တက္ကသိုလ်၊ ကျောင်းများ၊ ဈေး၊ ပြည်သူတို့၏ပိုင်ဆိုင်မှုများပါ ထည့်သွင်းတွက်ချက်ပါက ဘီလီယံပေါင်းများစွာရှိဦးမည်ဖြစ်ကြောင်း၊ နိုင်ငံရေးအကြောင်းပြပြီး မိုက်မဲစွာ ဆောင်ရွက်မှုကြောင့် ဒေသခံများသာ ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက စွန့်လွှတ်စွန့်စားစွာဖြင့် အဆိုပါအကြမ်းဖက်သမားများကို ရှင်းလင်းခဲ့ရကြောင်း၊ ဒေသတစ်ခု တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းမှုပျက်ပြားပြီး ဖွံ့ဖြိုးတိုးတက်မှုနောက်ကျအောင် လုပ်နိုင်စွမ်းရှိသူများသည် အဆိုပါဒေသတွင် နေထိုင်ကြသည့် ဒေသခံများနှင့် ဒေသခံအကြမ်းဖက်သမားများသာဖြစ်ကြောင်း၊ ထိုသို့လက်နက်ကိုင်သောင်း ကျန်းသူ အကြမ်းဖက်အဖွဲ့များ၏ ဥပဒေမဲ့အကြမ်းဖက်လုပ်ရပ်များကို နိုင်ငံတစ်ဝန်းလုံးတွင်ရှိသည့် ပြည်သူအားလုံးကရှုတ်ချနေကြပြီး ရပ်တန့်သွားအောင် တပ်မတော်အနေဖြင့် ဒေသတည်ငြိမ်အေးချမ်းရေးကို လိုလားသည့် ဒေသခံပြည်သူနှင့်ပူးပေါင်းပြီး ဆောင်ရွက်နေကြောင်းလည်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က ပြောကြားသည်။