
၁. ၂. ၂၀၂၅
Written by Nyein Kyaw
နိုင်ငံခြားငွေဈေးကွက်အတွင်း သွင်းကုန်လုပ်ငန်းရှင်များအတွက် ထိုင်းဘတ် ၅ သန်း ထုတ်ရောင်းပေးခဲ့သလို တရုတ်ယွမ် ၁၀ သန်းကိုလည်း ထပ်မံရောင်းချပေးမည်ဖြစ်ကြောင်း ယမန်နေ့တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည်။
ယခုထပ်မံထုတ်ရောင်းပေးသည့် ထိုင်းဘတ် ၅ သန်းနှင့် တရုတ်ယွမ် ၁၀ သန်းအပါအဝင် ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း ဗဟိုဘဏ်မှ စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာ ၄၅ သန်း သီးသန့်ထုတ်ရောင်းပေးမှုအပါအဝင် စုစုပေါင်းဒေါ်လာ ၁၇၃ သန်းကျော်၊ ထိုင်းဘတ် ၁၄ သန်းနီးပါးနှင့် တရုတ်ယွမ် ၁၅ သန်းကျော်အထိ ထုတ်ရောင်းပေးခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် အောက်တိုဘာလမှစ၍ တစ်ဒေါ်လာ ၅,၀၀၀ အောက် ပြန်လည်ကျဆင်းပြီး တစ်ဒေါ်လာ ကျပ် ၄,၅၀၀ ဝန်းကျင်ဖြင့် တည်ငြိမ်နေသော ဒေါ်လာဈေးနှုန်းသည် ၂၀၂၅ ခုနှစ်အစ ဇန်နဝါရီလအလယ်တွင် တစ်ဒေါ်လာ ကျပ် ၄,၈၀၀ အထိ ပြန်လည်မြင့်တက်လာခဲ့သည်။
သို့သော် သွင်းကုန်လုပ်ငန်းရှင်များအတွက် အဓိကလိုအပ်သည့် ဒေါ်လာ၊ ထိုင်းဘတ်နှင့် တရုတ်ယွမ်များကို ဗဟိုဘဏ်မှ ဆက်တိုက်ထုတ်ရောင်းပေးသောကြောင့် ယနေ့တွင် နိုင်ငံခြားငွေဈေးကွက်၌ တစ်ဒေါ်လာ ၄,၅၆၀ ကျပ်၊ ထိုင်းဘတ် တစ်ဘတ် ၁၃၅ ကျပ်၊ တရုတ်ယွမ် တစ်ယွမ် ၆၂၉ ကျပ်သာဖြစ်ပေါ်ခဲ့ပြီး ဈေးနှုန်းများ ပြန်လည်တည်ငြိမ်လာခဲ့သည်။
ပြီးခဲ့သည့် ဒီဇင်ဘာလတွင်လည်း ဒေါ်လာ ၁၄၃ သန်းကျော်၊ ထိုင်းဘတ် ၃၂၁ သန်းကျော်နှင့် တရုတ်ယွမ် ၁၁ သန်းနီးပါးအထိ ထုတ်ရောင်းပေးထားသလို ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁ ရက်မှ နိုဝင်ဘာလ ၂၉ ရက်အထိ လေးလအတွင်း ဒေါ်လာ ၃၃၅ သန်းကျော်၊ ထိုင်းဘတ် ၁ ဒသမ ၂၇၄ ဘီလျံကျော်နှင့် တရုတ်ယွမ် ၅၆ သန်းခန့်အထိ ထုတ်ရောင်းပေးထားသည်။ ထို့ပြင် ယခုဘဏ္ဍာနှစ် ခုနစ်လအတွင်း စက်သုံးဆီ၊ စားသုံးဆီနှင့် သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာတစ်ဘီလျံ သီးသန့်ထုတ်ရောင်းပေးထားသည်။