
၁ .၂ .၂၀၂၅
Written by Hey Mar
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ဧရာဝတီမြစ် ဘောတံတားအနီး ရေဆင်းကူးတဲ့ ဆယ်ကျော်သက် ယောက်ျားလေးသုံးဦးရေနစ်ရာ နှစ်ဦးသေဆုံးပြီး တစ်ဦးကို တာဝန်သိပြည်သူတွေက အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ကြောင်း နှလုံးသားမေတ္တာရှင် လူငယ်များအသင်း တာဝန်ရှိသူက MT News ကို ပြောပါတယ်။
ဖြစ်စဉ်က မနေ့က ဇန်နဝါရီ ၃၁ ရက် မနက် ဆယ်နာရီဝန်းကျင်က ဖြစ်ပွားခဲ့တာဖြစ်ပြီး ရေနစ်သူ လူငယ်သုံးဦးက အသက် ၁၂ ကနေ ၁၆ နှစ်ကြား ဆယ်ကျော်သက် ကျောင်းသားသုံးဦးလို့ သိရပါတယ်။


‘”ကလေးတွေက အခုရေနစ်တဲ့နေရာ အနီးအနား နေထိုင်သူတွေမဟုတ်ပါဘူး။ စကားတောင် ရပ်ကွက်ဘက်ကပါ။ ရေကူးဖို့ သက်သက် ဒီဘက်ထွက်လာကြတာ” လို့ နှလုံးသားမေတ္တာရှင် လူငယ်များအသင်း တာဝန်ရှိသူက ပြောပါတယ်။
ရေနစ်တဲ့ သတင်းရရှိကာ လူငယ်နှစ်ဦးပျောက်ဆုံးနေဆဲဆိုတာသိရှိရတာကြောင့် နှလုံးသားမေတ္တာရှင် လူငယ်များအသင်းအပါအဝင် ပြည်မြို့နယ် မီးသတ်ဦးစီးဌာနအရန်မီးသတ်တပ်ဖွဲ့ တပ်ရင်းရုံး၊ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ ပရဟိတ ပါရမီ – Pyay Rescue၊ ဒေသတွင်းရေနစ်သူကူညီကယ်ဆယ်ရေးအသင်း၊ ပွင့်လှသိမ်ကုန်းလူမှုကူညီရေးအသင်း၊ နဝင်းလူငယ်၊ အိဒ်ဂါလူငယ်များ နာရေးကူညီရေးအသင်းတို့က ပူးပေါင်းရှာဖွေရာ ရုပ်အလောင်းတွေကို နေ့လည်နှစ်နာရီဝန်းကျင်မှာ တစ်ဦး၊ လေးနာရီဝန်းကျင်မှာတစ်ဦး ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

နှလုံးသားမေတ္တာရှင် လူငယ်များအသင်း တာဝန်ရှိသူ ကိုစည်သူဝင်းက “အဲဒီနားက ကျောက်သဲစုပ်တဲ့ စက်လှေတွေလည်း ရှိတယ်။ ကလေးတွေ ရေတိမ်တယ်ထင်ပြီး ဆင်းကူးတာမှာ သဲစုပ်ထားတော့ အောက်မြစ်ကြမ်းပြင်မှာ ချောက်တွေဖြစ်နေတာ။ အဲဒီထဲ ကျသွားတာပါ”လို့ MT Newsက မြေပြင်အခြေအနေမေးမြန်းရာမှာ ပြန်လည်ဖြေကြားပါတယ်။
သေဆုံးလူငယ်နှစ်ဦးရဲ့ ရုပ်အလောင်းတွေကို အိဒ်ဂါလူငယ်များနာရေးကူညီမှုအသင်းက ပြည်မြို့ အထွေထွေရောဂါကုဆေးရုံကြီးဆီ ပို့ဆောင်ပေးခဲ့ပြီး၊ ကလေးတွေ ရေသွားကူးတာကို အိမ်ကမိဘတွေ သိရှိခြင်းမရှိဘဲ၊ သေဆုံးသူ ဆယ့်ခြောက်နှစ်သားရဲ့ မိခင်က သူ့သားအတွက် ဗေဒင်မေးမြန်းရာမှာ ရေလမ်းနဲ့ သေဘေးမြင်တာကြောင့် တားမြစ်ထားတဲ့ကြားက လူငယ်ပီပီ အယုံအစွဲမရှိဘဲ သွားရောက်တာကြောင့် အခုလို ဖြစ်တာရဖြစ်ကြောင်းလည်း ဒီကနေ့ ပြည်မြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံမှာ ရုပ်အလောင်းလာရောက်ထုတ်ယူစဉ် ယူကျုံးမရစွာ ပြောပြပါတယ်။
ဓာတ်ပုံ – နှလုံးသားမေတ္တာရှင်လူငယ်များအသင်း