
၃၁. ၁ .၂၀၂၅
Written by Hey Mar
ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဘဇံချောက်ကျေးရွာအခြမ်းရှိ ကျောက်တူးဖော်ရေးကုမ္ပဏီလုပ်ကွက် တစ်ခုအတွင်း လုပ်ငန်းလုပ်နေစဉ် မြေပြိုပြီး ဘက်ဟိုးသုံးစီး နစ်မြှုပ်ကာ ဘက်ဟိုးယာဉ်မောင်း သုံးဦး သေဆုံးခဲ့တဲ့ ဖြစ်စဉ် မနေ့က ဇန်နဝါရီ ၃၀ ရက်နေ့ ညဆယ်နာရီ ဝန်းကျင်အချိန်က ဖြစ်ပွားခဲ့တယ်လို့ ဒေသခံလူမှုကူညီရေး အသင်းတချို့ထံကနေ သိရပါတယ်။
အခု မြေပြိုမှု ဖြစ်တဲ့ ကျောက်တူးဖော်ရေးကုမ္ပဏီလုပ်ကွက်က ဇန်နဝါရီ ၁၃ ရက်နေ့က စပေါ့ရွာထဲ နွံကန်ပေါက်ကျလို့ ၃၂ ဦး သေဆုံးပြီး ပျောက်ဆုံးသူအချို့ ရှိခဲ့တဲ့ နေရာနဲ့ အနီးအနားမှာတင် ထပ်မံ ဖြစ်ပွားတာဖြစ်ပြီး မြေပြိုတဲ့အထဲပါသွားတဲ့ ဘက်ဟိုးယာဉ်မောင်းသမား သုံးဦးဟာ ကိုဇေယျာဟိန်း၊ ကိုဌေးနိုင်နဲ့ ကိုဟန်ဝင်းအောင်တို့ဖြစ်ကာ သူတို့ ရုပ်အလောင်းတွေကိုလည်း ရှာဖွေတွေ့ရှိထားပြီလို့ သိရပါတယ်။
ကုမ္ပဏီလုပ်ကွက် လုပ်ငန်းခွင်ဖြစ်တာကြောင့် ပြင်ပ ရေမဆေးသမား ဝင်မရတဲ့အတွက် ရေမဆေးသမားတော့ မပါဘူးလို့ သိရပြီး ကုမ္ပဏီဝန်ထမ်း ရေမဆေးကျောက်ရှာသမားတွေ ထိခိုက်မှုရှိမရှိကိုတော့ မသိရှိရသေးကြောင်းလည်း ဒေသခံလူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။