
၃၁.၁.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတ ဒေါ်နယ်ထရန့်က နိုဝင်ဘာလသမ္မတရွေးကောက်ပွဲအနိုင်ရရှိအပြီး ရက်သတ္တပတ်အတန်ကြာတုန်းက ပြောခဲ့တဲ့ ခြိမ်းခြောက်မှုလိုပဲ ဇန်နဝါရီလ ၃၀ ရက်မှာလည်း Brics အဖွဲ့ဝင်နိုင်ငံတွေက အမေရိကန်ဒေါ်လာအစား တခြားငွေကြေးတစ်ခုခုကို အစားထိုးသုံးစွဲလာရင် အမေရိကန်အစိုးရက အဲဒီနိုင်ငံတွေကို ကုန်သွယ်စည်းကြပ်ခွန် ၁၀၀ ရာခိုင်နှုန်း ပြုလုပ်မယ်လို့ ထပ်မံခြိမ်းခြောက်မှု ပြုခဲ့ပြန်ပါတယ်။
ထရန့်က လူမှုကွန်ရက်မှာ ဇန်နဝါရီလ ၃၀ ရက်က တင်ခဲ့တဲ့ ပို့စ်တစ်ခုမှာ ” ဒီရန်လိုမှုရှိနေတဲ့နိုင်ငံတွေဆီက သူတို့အနေနဲ့ BRICS အဖွဲ့ကြီးရဲ့ တရားဝင်ငွေကြေးတစ်ခုလည်း မဖန်တီးပါဘူး။ အမေရိကန်ဒေါ် လာအစားတခြားငွေကြေးတစ်ခုလည်းအစားထိုးမသုံးပါဘူး ဆိုတဲ့ ကတိပြုချက်လိုအပ်တယ်။ ဒါမှ မဟုတ်ရင်တော့ သူတို့အနေနဲ့ ကုန်သွယ်စည်းကြပ်ခွန် ၁၀၀ ရာခိုင်နှုန်းနဲ့ ရင်ဆိုင်ရမှာပေါ့” လို့ဖော်ပြခဲ့ပါတယ်။
ဒီအချိန်မှာ ရုရှားအစိုးရက အမေရိကန်အနေနဲ့ တခြားနိုင်ငံတွေကို အမေရိကန်ဒေါ်လာကို မဖြစ်မနေသုံးဖို့ လုပ်ဆောင်မှုက ရလဒ်ပြောင်းပြန်ဖြစ်လာလိမ့်မယ် လို့ ပြောခဲ့ပါတယ်။
BRICS အုပ်စုကို စတင်တည်ထောင်သူ ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နဲ့ တောင်အာဖရိကနိုင်ငံတို့နဲ့ စတင်တည်ထောင်ခဲ့ပြီး ပြီးခဲ့တဲ့နှစ်နှစ်အတွင်း တခြားနိုင်ငံအနည်းငယ် ပူးပေါင်းပါဝင်လာပါတယ်။ BRICS အနေနဲ့ ကိုယ်ပိုင်ငွေကြေးတစ်ခု မဖန်တီးရသေးပါဘူး။ ဒါပေမယ့် ယူကရိန်းစစ်ပွဲကြောင့် အနောက်အုပ်စုရဲ့ ရုရှားကို ပိတ်ဆို့ခဲ့ချိန်ကစလို့ ဒီကိစ္စနဲ့ပတ်သက်လို့ ဆွေးနွေးမှုတွေ ပြုလုပ်လာကြတာ တော်တော်ကြာပါပြီ။
ဒေါ်နယ်ထရန့်က ” BRICS အနေနဲ့ နိုင်ငံတကာကုန်သွယ်ရေးမှာ ဒေါ်လာကို အစားထိုးဖို့ အခွင့်အရေး မရှိပါဘူး။ ဘယ်နိုင်ငံမှလည်း လုပ်ခွင့်မရှိပါဘူး။ လုပ်လာရင်တော့ ကုန်သွယ်စည်းကြပ်ခွန်ကို ရင်ဆိုင်ကြရမှာပေါ့” လို့လည်း ခြိမ်းခြောက်ခဲ့ပါတယ်။
ထရန့်က ကနေဒါနိုင်ငံနဲ့မက္ကဆီကိုနိုင်ငံတို့ကိုလည်း အမေရိကန်က ဖေဖော်ဝါရီလ ၁ ရက်ကစလို့ အမေရိကန်ရဲ့ စည်းကြပ်ခွန် ၂၅ ရာခိုင်နှုန်းနဲ့ရင်ဆိုင်ရမလား သတိပေးခဲ့ပါတယ်။
အခုအခါဆိုရင် BRICS အဖွဲ့မှာ ၂၀၂၃ ခုနှစ်အတွင်း အီဂျစ်၊ အီသီယိုပီးယား၊ အီရန်နဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စုတို့ ပါဝင်လာပါတယ်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလဆန်းမှာတော့ အင်ဒိုနီးရှားလည်း အဖွဲ့ဝင်ဖြစ်လာပါတယ်။ ဒီလိုပဲ ထိုင်းနိုင်ငံကလည်း BRICS ရဲ့ ဆွေးနွေးဖက်နိုင်ငံဖြစ်လာပါပြီ။
Ref- Bangkok Post