နိုင်ပွဲရချိန် ငြိမ်းချမ်းရေးရဖို့ အရေးကြီးကြောင်း ပြောသွား
MT News
ဒီနေ့မနက် ထိုင်းစံတော်ချိန် မနက် ၇ နာရီခွဲကစပြီး ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ Impact Arena ကွင်းမှာ ကျင်းပပြုလုပ်တဲ့ ONE Fight Night 6 တိုက်ခိုက်ထိုးသတ်ပွဲကြီးမှာ မူလက တရုတ်ဖိုက်တာ Fan Rong နဲ့ ထိုးသတ်ဖို့ပေမဲ့ ကိုဗစ်ကြောင့် တရုတ်ဖိုက်တာအစား ဘရာဇီးဖိုက်တာ ဂါဗာအို(Gilberto Galvao)နဲ့ ပြောင်းလဲ ပွဲဆိုင်လိုက်ရတဲ့ မြန်မာနိုင်ငံဖွား ကချင်တိုင်းရင်းသား မြန်မာ့စပါးအုံးမြွေ (Burmese Python) အောင်လနဲ့ ဘရာဇီးလူသန်ကြီးဂါဗာအို တို့ ထိုးသတ်ပွဲမှာတော့ မြန်မာ့စပါးကြီးမြွေအောင်လ ပွဲချိန်တစ်မိနစ်ကျော်မှာ အနိုင်ရခဲ့ပါတယ်။
၂၀၂၂ ခုနှစ်အတွက် နောက်ဆုံးပွဲထိုးသတ်ချိန်မှာ ဂျပန်ဖိုက်တာ Yushin Okami ကို အချိန်နှစ်မိနစ်အတွင်း ထိုးသတ်အနိုင်ရယူထားသူ အောင်လကို ချုပ်ကွက်နဲ့ အနိုင်ယူပြမယ်လို့ ကြွေးကြော်ထားတဲ့ ဂါဗာအိုဟာ ပွဲအစ စက္ကန့်ပိုင်းမှာပဲ အောင်လရဲ့ လက်သီးချက်မိပြီး ကြမ်းပြင်လဲကျပေမဲ့ သူအားသန်တဲ့ ချုပ်ကွက်ကိုအသုံးပြုဖို့ ခြေထောက်မြှောက်စောင့်နေခဲ့တာကြောင့် အောင်လက ဝင်မသွားခဲ့ဘဲ ရပ်စောင့်နေခဲ့ပါတယ်။
အဲဒီမှာ ဂါဗာအိုက အောင်လကို အတင်းဝင်ချုပ်ရာမှာတော့ အောင်လရဲ့ တံတောင်တွေလက်သီးချက်တွေထိပြီး ကြမ်းပေါ်ပြိုကျသွားချိန်မှာ အောင်လက ဂါဗာအိုရဲ့မျက်နှာကို လက်သီးနဲ့ ဘယ်ညာ ၁၅ ချက် အချက် ၂၀ လောက် အားပါးတရထိုးပြီး ဂါဗာအိုရဲ့ နေချိန်မှာတော့ ဒိုင်ကဝင်တားလိုက်ရပြီး အောင်လကို အနိုင်ပေးလိုက်ရပါတော့တယ်။
ဂါဗာအိုကို တစ်မိနစ်ခွဲလောက်နဲ့ အနိုင်ထိုးသတ်ခဲ့တဲ့ အောင်လကတော့ ပွဲအပြီး ကျေးဇူးတင်စကားမှာတော့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရဖို့ အရေးကြီးကြောင်းနဲ့ ငြိမ်းချမ်းရေးရအောင် ကြိုးစားဖို့ ပြောသွားပါတယ်။