
MT News
၃၁. ၁. ၂၀၂၅
မြန်မာနိုင်ငံတွင် လွန်ခဲ့သည့် ၄ နှစ်က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများလိုအပ်နေသူဦးရေ ၁ သန်းသာရှိခဲ့ပြီး အဆိုပါ ပမာဏနှင့် နှိုင်းယှဉ်လျှင် ယခုနှစ်တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများလိုအပ်နေသူဦးရေ ၁၉ ဒသမ ၉ သန်းကျော်ရှိလာပြီဖြစ်၍ မြန်မာ့လူဦးရေ၏ သုံးပုံတစ်ပုံကျော် ဖြစ်လာပြီဖြစ်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ပြောခွင့်ရပုဂ္ဂိုလ်၏ ယနေ့ထုတ်ပြန်သည့် မြန်မာနိုင်ငံဆိုင်ရာ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တပ်မတော်က အာဏာထိန်းသိမ်းရယူခဲ့သည့် ၄ နှစ်တာကာလအတွင်း မြန်မာနိုင်ငံ၏ အခြေအနေသည် ဆက်လက်ယိုယွင်းပျက်စီးနေပြီး၊ အရပ်သားပြည်သူများအတွက် ပျက်စီးဆုံးရှုံးမှုများ ကြီးမားစွာ ဖြစ်ပေါ်လျက်ရှိသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။
ထို့အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အနေဖြင့် အကြမ်းဖက်မှုပုံစံ အားလုံးကို ရှုတ်ချသကဲ့သို့ လူ့အခွင့်အရေးနှင့် နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေကိုလေးစားလိုက်နာပြီး အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြရန် ပဋိပက္ခဖြစ်နေသည့် အဖွဲ့များအားလုံးကို တောင်းဆိုထားသည်။ ယင်းအပြင် လူမှုအသိုင်းအဝိုင်းများကြား တင်းမာမှုများနှင့် အကြမ်းဖက်မှု လှုံ့ဆော်မှုများ ထပ်မံမဖြစ်ပွားစေရေး ကာကွယ်တားဆီးကြရန်အတွက်လည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က တိုက်တွန်းထားသည်။
မြန်မာပြည်သူများအနေဖြင့် ဘေးကင်းလုံခြုံမှု အပါအဝင် နိုင်ငံရေးအခွင့်အရေးများကို လွတ်လပ်ငြိမ်းချမ်းစွာ ကျင့်သုံးနိုင်သည့် အခြေအနေများ မရှိခြင်းအပြင် ကျယ်ကျယ်ပြန့်ပြန့် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ လေကြောင်းတိုက်ခိုက်မှုများအပါအဝင် ပဋိပက္ခများ ပြင်းထန်လာနေချိန်တွင် ရွေးကောက်ပွဲများ ကျင်းပရန် ထုတ်ဖော်ပြောဆိုထားသည့် ရည်ရွယ်ချက်များနှင့် ပတ်သက်၍လည်း စိုးရိမ်ကြောင်း၊ တပ်မတော်က နိုင်ငံ့အာဏာမထိန်းယူခင် လွန်ခဲ့သည့် ၄ နှစ်က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများလိုအပ်နေသူဦးရေ ၁ သန်းနှင့် နှိုင်းယှဉ်လျှင် ယခုနှစ်တွင် ၁၉ ဒသမ ၉ သန်းကျော်ရှိပြီဖြစ်ရာ မြန်မာနိုင်ငံ၏ လူဦးရေ သုံးပုံတစ်ပုံကျော် ဖြစ်သည်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများနှင့် အရေးပါသည့် ကူညီလုပ်ဆောင်မှုများ ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် ကုလသမဂ္ဂနှင့် ၎င်း၏မိတ်ဖက်အဖွဲ့အစည်းများကို အဟန့်အတားမရှိ သွားလာခွင့်ပြုရမည် ဖြစ်သည်ဟုလည်း တောင်းဆိုထားသည်။


ထို့အပြင် အားလုံးပါဝင်သည့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးသို့ ဦးတည်သည့် လမ်းကြောင်းတစ်ခု ဖော်ဆောင်ရေးနှင့် အရပ်သားအုပ်ချုပ်ရေးသို့ ပြန်သွားနိုင်ရေးတို့အတွက် မြန်မာပြည်သူများအားကူညီရန်အတွက်လည်းကောင်း၊ တင်းမာမှုများ အဆုံးသတ်ရန်အတွက်လည်းကောင်း၊ သက်ဆိုင်ရာ အဖွဲ့အစည်းများအားလုံးအကြား ပိုမို၍ ပူးပေါင်းဆောင်ရွက်ကြရန်ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်က ထပ်မံတောင်းဆိုသည်။ မြန်မာနိုင်ငံမှ ဒုက္ခသည်များကို လက်ခံထားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအပါအဝင် နိုင်ငံများကို နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ပိုမိုထောက်ပံ့ကူညီရန်နှင့် ပဋိပက္ခနှင့်ညှဉ်းပန်းနှိပ်စက်မှုများမှ ထွက်ပြေးလာသူများအား ဘေးကင်းလုံခြုံရေးနှင့် အကာအကွယ်များပေးရန် ဒေသတွင်း နိုင်ငံများကိုလည်း ကုလအတွင်းရေးမှူးချုပ်က ပန်ကြားသည်။
ကုလသမဂ္ဂအတွင်းရေးမှုးချုပ်၏ အထူးကိုယ်စားလှယ်Julie Bishop သည် မြန်မာနိုင်ငံမှ ဦးဆောင်သည့် အကျပ်အတည်း ဖြေရှင်းရေးလမ်းစဉ်ရှာဖွေရာတွင် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) နှင့် အနီးကပ် ပူပေါင်းဆောင်ရွက်နေသကဲ့သို့သက်ဆိုင်ရာ အဖွဲ့အားလုံးနှင့်လည်း အပြန်အလှန် ဆက်လက်ထိတွေ့ ဆက်ဆံလျက်ရှိသည်ဟုဆိုပြီး မြန်မာနိုင်ငံ၏ အနာဂတ်တွင် ဘင်္ဂါလီများအပါအ၀င် လူမှုအသိုက်အဝန်းအားလုံးအတွက် ဘေးကင်းလုံခြုံမှု၊ တာဝန်ခံမှုနှင့် အခွင့်အလမ်းများ ရှိစေရမည် ဖြစ်ပြီး၊ ကဏ္ဍပေါင်းစုံ အလွှာမျိုးစုံက မဲပေးခွင့် ရုပ်သိမ်းခံရမှု၊ ခွဲခြားဆက်ဆံခံရမှုများနှင့် ပဋိပက္ခဖြစ်ရသည့် အခြေခံ အကြောင်းတရားများကိုလည်း ကိုင်တွယ်ဖြေရှင်းရမည် ဖြစ်သည်။ ဤသို့ကြိုးပမ်းဆောင်ရွက်ချက်ရာတွင် မြန်မာနိုင်ငံသားများကို ကုလသမဂ္ဂအနေဖြင့် မဆုတ်မနစ်ထောက်ပံ့ကူညီမှုများ ပေးသွားရန်အတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ထပ်လောင်း အတည်ပြုသည်ဟုလည်း ထုတ်ပြန်ချက်က ဆိုသည်။