
၃၁. ၁. ၂၀၂၄
Written by Nyein Kyaw
ယမန်နေ့တွင် ဗဟိုဘဏ်မှ သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာသန်း ၂၀ ထပ်မံရောင်းချပေး၍ ယခုဇန်နဝါရီလအတွင်း ဒေါ်လာ ၁၇၃ သန်းကျော်အထိ ထုတ်ရောင်းပေးခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
ဗဟိုဘဏ်မှ ယခုထပ်မံထုတ်ရောင်းပေးသည့် ဒေါ်လာသန်း ၂၀ အပါအဝင် သွင်းကုန်လုပ်ငန်းရှင်များနှင့် စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဇန်နဝါရီလ ၂ ရက်မှ ၃၁ ရက်အထိ ဒေါ်လာ ၁၇၃ သန်းကျော်၊ ထိုင်းဘတ် ၉ သန်းနီးပါး၊ တရုတ်ယွမ် ၅ သန်းကျော် ထုတ်ရောင်းပေးထားသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းလည်း ဒေါ်လာ ၁၄၃ သန်းကျော်၊ ထိုင်းဘတ် ၃၂၁ သန်းကျော်နှင့် တရုတ်ယွမ် ၁၁ သန်းနီးပါးအထိ ထုတ်ရောင်းပေးထားသည်။
ထို့ပြင် ဗဟိုဘဏ်အနေဖြင့် ပြီးခဲ့သည့် ဩဂုတ်လ ၁ ရက်မှ နိုဝင်ဘာလ ၂၉ ရက်အထိ လေးလအတွင်း ဒေါ်လာ ၃၃၅ သန်းကျော်၊ ထိုင်းဘတ် ၁ ဒသမ ၂၇၄ ဘီလျံကျော်နှင့် တရုတ်ယွမ် ၅၆ သန်းခန့်အထိ ထုတ်ရောင်းပေးထားပြီးဖြစ်သည့်အပြင် ယခုဘဏ္ဍာနှစ် ခုနစ်လအတွင်း စက်သုံးဆီ၊ စားသုံးဆီနှင့် သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာတစ်ဘီလျံ သီးသန့်ထုတ်ရောင်းပေးထားသည်။
လက်ရှိဇန်နဝါရီလကုန်ပိုင်းတွင် လဆန်းပိုင်းကထက် နိုင်ငံခြားငွေဈေးနှုန်း အနည်းငယ် မြင့်တက်လာမှု ရှိခဲ့သော်လည်း နိုင်ငံခြားငွေများ ဆက်တိုက်ထုတ်ရောင်းပေးခဲ့မှုကြောင့် ယနေ့တွင် တစ်ဒေါ်လာ ၄,၅၆၀ ကျပ်၊ ထိုင်းဘတ် တစ်ဘတ် ၁၃၆ ကျပ်၊ တရုတ်ယွမ် တစ်ယွမ် ၆၃၁ ကျပ် ဖြစ်ပေါ်ခဲ့ပြီး ဈေးနှုန်းပြန်လည်တည်ငြိမ်လာခဲ့သည်။