
၃၀. ၁. ၂၀၂၄
Written by Nyein Kyaw
စက်သုံးဆီဈေးနှုန်းများ ထပ်မံမြင့်တက်လာချိန် ဗဟိုဘဏ်မှ စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာသန်း ၂၀ ထပ်မံရောင်းချပေးမည်ဖြစ်၍ ယခု ဇန်နဝါရီလအတွင်း စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာ ၄၅ သန်း ထုတ်ရောင်းပေးခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁၀ ရက်တွင် ဇန်နဝါရီလဆန်းပိုင်းထက် ဓာတ်ဆီ ၉၂ တစ်လီတာ ကျပ် ၉၀ ကျပ်၊ ဓာတ်ဆီ ၉၅ တစ်လီတာ ၆၅ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ ၉၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာ ၁၁၅ ကျပ်ဖြင့် ဈေးနှုန်းတက်ခဲ့ချိန်တွင် ဗဟိုဘဏ်မှ ဇန်နဝါရီလ ၁၃ ရက်တွင် စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာ ၂၅ သန်း ရောင်းချပေးမည်ဖြစ်ကြောင်း အသိပေးကြေညာခဲ့သည်။
သို့သော်လည်း ယနေ့ ဇန်နဝါရီလ ၃၀ ရက်တွင် ဓာတ်ဆီ ၉၂ တစ်လီတာ ကျပ် ၃၁၃၀ ကျပ်၊ ဓာတ်ဆီ ၉၅ တစ်လီတာ ၃၂၀၀ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ ၂၈၆၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာ ၃၅၂၅ ကျပ်သို့ ထပ်မံမြင့်တက်လာပြီး ဇန်နဝါရီဆန်းပိုင်းနှင့် နှိုင်းယှဉ်လျှင် ဓာတ်ဆီ ၉၂ တစ်လီတာ ၁၄၅ ကျပ်၊ ဓာတ်ဆီ ၉၅ တစ်လီတာ ၁၀၅ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ ၂၅၀ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာ ၃၀၀ ကျပ်အထိ မြင့်တက်လာခဲ့သည်။
ထို့ကြောင့် ယနေ့တွင် စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာသန်း ၂၀ ထပ်မံရောင်းချပေးမည်ဖြစ်ကြောင်း ဗဟိုဘဏ်က ကြေညာခဲ့၍ ယခုဇန်နဝါရီလအတွင်း စက်သုံးဆီလုပ်ငန်းရှင်များတွက် ဒေါ်လာ နှစ်ကြိမ်ရောင်းချပေးမှု ဒေါ်လာ ၄၅ သန်းအထိရှိသည်။ ယခုဘဏ္ဍာနှစ် ခုနစ်လအတွင်း စက်သုံးဆီ၊ စားသုံးဆီနှင့် သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာတစ်ဘီလျံကိုလည်း သီးသန့်ထုတ်ရောင်းပေးထားသည်။
ဗဟိုဘဏ်အနေဖြင့် စက်သုံးဆီလုပ်ငန်းရှင်များနှင့် သွင်းကုန်လုပ်ငန်းရှင်များအတွက် ယခုထပ်မံထုတ်ရောင်းပေးမှုအပါအဝင် ဇန်နဝါရီလ ၂ ရက်မှ ၃၀ ရက်အထိ တစ်လအတွင်း စုစုပေါင်း ဒေါ်လာ ၁၅၃ သန်းကျော် ထုတ်ရောင်းပေးထားသည်။