
၃၀. ၁. ၂၀၂၅
Translated by Thettant
မိသားစုကို အမေရိကန်နိုင်ငံကနေ ပါကစ္စတန်နိုင်ငံဆီ ပြန်လည်ခေါ်ဆောင်လာသူ အမျိုးသားတစ်ဦးဟာ TikTok ဆော့ကစားမှုပြုတဲ့ အမေရိကန်နိုင်ငံဖွား သမီးငယ်ကို သူမ TikTok ပေါ်က အကြောင်းအရာတွေ သဘောမတူတာကြောင့် ပစ်သတ်လိုက်တယ်လို့ မနေ့က ဇန်နဝါရီ ၂၉ ရက်မှာ ဝန်ခံခဲ့ကြောင်း ပါကစ္စတန်ရဲတပ်ဖွဲ့က အတည်ပြုပြောကြားလာပါတယ်။
အမေရိကန်ဖွား ဆယ်ကျော်သက် သမီးငယ်ကို ပါကစ္စတန်ဖခင်က ပစ်ခတ်သတ်ဖြတ်မှုက အင်္ဂါနေ့က ဖြစ်ပွားခဲ့ပြီး နိုင်ငံ့ အနောက်တောင်ပိုင်း Quetta မြို့က လမ်းပေါ်မှာ ဖြစ်ပွားခဲ့တာပါ။ သံသယရှိသူ Anwar ul-Haq ဟာ ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံခြင်းမပြုမီ အမည်မသိသေနတ်သမားတွေက သူ့ရဲ့ အမေရိကန်ဖွား အသက် ၁၅ နှစ်အရွယ် သမီးငယ်ကို ပစ်ခတ်သတ်ဖြတ်ခဲ့တာလို့လည်း ကနဦးမှာ လိမ်လည်ထွက်ဆိုခဲ့ကြောင်း ရဲအရာရှိ Babar Baloch က ပြန်လည်ပြောကြားခဲ့ပါတယ်။
Anwar ul-Haq တို့မိသားစုက အမေရိကန်နိုင်ငံမှာ ၂၅ နှစ်ခန့်နေထိုင်ခဲ့ပြီး ရှေးရိုးဆန်တဲ့ လူမှုရေးစံနှုန်းတွေကျင့်သုံးတဲ့ မွတ်ဆလင်အများစုနေထိုင်ရာ ပါကစ္စတန်နိုင်ငံက ဘာလိုချီစတန်ပြည်နယ်ကို မကြာခင်ကမှ ပြန်လာခဲ့ကြသလို သတ်ဖြတ်သူအဖြစ် သံသယရှိတဲ့ Haq ကလည်း အမေရိကန်နိုင်ငံသားဖြစ်နေသူပါ။ Haq ရဲ့ သတ်ဖြတ်ခံသမီးငယ်ဟာ အမေရိကန်နိုင်ငံမှာ နေထိုင်စဥ်ကတည်းက မိသားစုမနှစ်မြို့တဲ့ ရုပ်သံတွေ Tik Tok မှာ စတင်ဖော်ပြခဲ့တယ်လို့လည်း Haq က ထွက်ဆိုခဲ့ပါတယ်။
“အခုထိ ကျွန်တော်တို့ရဲ့ စုံစမ်းစစ်ဆေးမှုမှာ မိသားစုက သူမရဲ့ ဝတ်စားဆင်ယင်မှု၊ နေထိုင်မှုပုံစံနဲ့ လူမှုရေးဆိုင်ရာ စုဝေးမှုတွေကို ကန့်ကွက်ကြောင်း တွေ့ရှိထားပါတယ်”လို့ အခြားရဲအရာရှိ Zohaib Mohsin က ပြောကြားခဲ့သလို “ကျွန်တော်တို့မှာ သူ့ဖုန်းရှိပါတယ်။ အဲဒါကို လော့ခ်ချထားတယ်”လို့လည်း ဆက်ပြောခဲ့ပါတယ်။
Haq ကို လူသတ်မှုနဲ့ စွဲချက်တင်ထားတယ်လို့ ရဲတွေက ပြောခဲ့ပေမဲ့ Haq က အမေရိကန်နိုင်ငံသားဖြစ်ကြောင်း အထောက်အထားလည်းမပြတဲ့အပြင် အမေရိကန်သံရုံးကို ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး အကြောင်းကြားထားခြင်းရှိမရှိ ပြောဆိုဖို့ကိုလည်း ရဲတပ်ဖွဲ့က ငြင်းဆိုခဲ့ပါတယ်။ ဒီလူသတ်မှုဖြစ်ရပ်အပေါ် မှတ်ချက်ပေးဖို့ Reuters တောင်းဆိုမှုကိုလည်း မိသားစုက ငြင်းဆိုခဲ့တယ်လို့ သိရပါတယ်။
ပါကစ္စတန်နိုင်ငံမှာ လူဦးရေ ၂၄၁ သန်းခန့်ရှိပြီး လူဦးရေရဲ့ ၂၅ ရာခိုင်နှုန်းအောက်ဖြစ်တဲ့ ၅၄ သန်းကျော်က TikTok ကို အသုံးပြုကြပါတယ်။ မကြာသေးမီနှစ်များအတွင်းကလည်း ပါကစ္စတန်အစိုးရက ဗီဒီယိုမျှဝေခြင်း TikTok အက်ပ်ကို အကြိမ်ပေါင်းများစွာ ပိတ်ပင်တားမြစ်ခဲ့တဲ့အပြင် အချို့သောအကြောင်းအရာတွေကို ဖယ်ရှားဖို့လည်း တောင်းဆိုခဲ့ပြီး အများအားဖြင့်တော့ ညစ်ညမ်းအကြောင်းအရာတွေကို ဖယ်ရှားဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။
ပါကစ္စတန်နိုင်ငံမှာ နှစ်စဉ်နှစ်တိုင်း အမျိုးသမီး ၁,၀၀၀ ကျော်ဟာ “ဂုဏ်သိက္ခာ” ကို ထိခိုက်စေတယ်လို့ ယူဆခံရမှုကြောင့် ဘာသာရေးအစွန်းရောက် လူမှုအသိုက်အဝန်း ဒါမှမဟုတ် မိသားစုဝင်တွေရဲ့ လက်ချက်နဲ့ အသတ်ခံနေရတယ်လို့ ပါကစ္စတန်နိုင်ငံက လွတ်လပ်သော လူ့အခွင့်အရေးကော်မရှင်က ဆိုထားပြီး ဒီလို သတ်ဖြတ်ခံရမှုတွေမှာ ခိုးယူမှုတွေ ကျူးလွန်တာ၊ ဆိုရှယ်မီဒီယာအကြောင်းအရာကို ပို့စ်တင်တာ၊ အမျိုးသားတွေနဲ့ ပေါင်းသင်းတာ ဒါမှမဟုတ် အမျိုးသမီးတွေနဲ့ စပ်လျဉ်းတဲ့ ရှေးရိုးစွဲဆန် ကန့်သတ်ချက်တွေကို ဆန့်ကျင်တဲ့ အချက်တွေနဲ့ အခြားသော ချိုးဖောက်မှုတွေကြောင့်ဖြစ်တယ်လို့ သိရပါတယ်။
Ref, Reuters, The Gurdian