
၃၀. ၁. ၂၀၂၅
Translated by Tha Doe
စူရက်ဌာနီခရိုင်၊ ကော့ဖငန်ရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေနဲ့ လူဝင်မှုကြီးကြပ်ရေးအရာရှိတွေဟာ ဇန်နဝါရီ ၂၈ ရက်မှာ ခွင့်ပြုချက်မရှိဘဲ စာသင်ကြားဖို့ ဖွင့်လှစ်ထားတဲ့ ကော့ဖငန်ခရိုင်က Koh Phangan International Church ဘုရားကျောင်းကို စုံစမ်းစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
ဘုရားကျောင်းအတွင်းမှာ မြန်မာကျောင်းသူကျောင်းသား ၁၉၀ ရှိပြီး မြန်မာဆရာ ၄ ယောက်နဲ့ ခွင့်ပြုချက်မဲ့ စာသင်ကြားနေတာကို တွေ့ခဲ့ရတယ်လို့ စူရက်ဌာနီရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးရေးမှူး ရဲမှူး ခရိုရန်ချိုင်း ဘွန်ကာလိုင်းက ပြောပါတယ်။


မြန်မာကလေးငယ်တွေရဲ့ မိဘတွေက ကော့ဖငန်မှာ ရွှေ့ပြောင်းလုပ်သားအဖြစ် လုပ်ကိုင်ကြပြီး အလုပ်ချိန်အတွင်းမှာ သားသမီတွေကို ပြုစုဖို့ အချိန်မရှိတာနဲ့ စက်ရုံကို ခေါ်ဆောင်သွားဖို့မဖြစ်နိုင်တာကြောင့် ချာ့ချ်ကျောင်းမှာ ကျောင်းအပ်ခဲ့တာဖြစ်သလို ချာ့ချ်ကျောင်းက ကျောင်းသားတစ်ဦးကို တစ်လ ဘတ် ၃၀၀ ကနေ ဘတ် ၅၀၀ အကြား ကောက်ခံတယ်လို့ သိရပါတယ်။
တရားမဝင်စာသင်ကြားမှုနဲ့ ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားလေးဦးက အေးမြသူဇာ (၄၀)နှစ်၊ ရန်နိုင်စိုး (၃၁)နှစ်၊ မြမြဝင်း (၃၃)နှစ်နဲ့ ချစ်ဖြိုးနောင် (၂၁)နှစ်တို့ဖြစ်ပြီး ဖမ်းဆီးရမိတဲ့ ပါဝင်ပတ်သက်သူအားလုံးကို “ခွင့်ပြုချက်မရှိဘဲ တရားဝင်ကျောင်းတည်ထောင်မှု” နဲ့ “အလုပ်ပါမစ်မရှိတဲ့ နိုင်ငံခြားသားတွေ အလုပ်လုပ်ကိုင်မှု” တို့နဲ့ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။
စာသင်ကြားနေတဲ့ မြန်မာကလေးငယ် ၁၉၀ ဟာ အသက် ၃ နှစ်ကနေ ၉ နှစ်အကြားရှိပြီး သက်သေခံအထောက်အထားအဖြစ် မြန်မာဖတ်စာအုပ် ၃၁ အုပ်ကို တာဝန်ရှိသူတွေက သိမ်းဆည်းခဲ့သလို သံသယရှိသူအားလုံးကို ကော့ဖငန်ရဲစခန်းက စုံစမ်းရေးမှူးတွေထံ ပေးပို့ခဲ့တဲ့အပြင် မြန်မာကလေးငယ်တွေရဲ့ မိဘတွေက တရားဝင်နေထိုင် အလုပ်လုပ်ကိုင်ခွင့် ရှိသူတွေ ဟုတ် မဟုတ်ဆိုတာကို ထိုင်းရဲတပ်ဖွဲ့က ဆက်လက် စုံစမ်းစိစစ်နေတယ်လို့လည်း ထိုင်းနိုင်ငံရောက် မြန်မာအသိုင်းအဝိုင်းဆီကနေ စုံစမ်းသိရပါတယ်။
Ref, Khaosod & Bangkok Post