MT News
Written by Myo Khine
ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ဆီဘောက်ဆာယာဉ် နှစ်စီးနှင့် Express ယာဉ်တစ်စီးတိုက်မိကာ မီးလောင်၍ လူ ၄ ဦး ပြင်းထန်ဒဏ်ရာရခဲ့ကြကြောင်း ကရုဏာရှင်လူမှုကူညီရေးပရဟိတအသင်းမှ သိရသည်။
အဆိုပါ ဒဏ်ရာရသူ ၄ ဦးမှာ ဆီဘောက်ဆာယာဉ်နှစ်စီးမှ အမျိုးသားများ ဖြစ်ကြောင်း၊ ယခုအခါ နေပြည်တော် ကုတင်(၁၀၀၀)ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း ယင်းအသင်းတာဝန်ရှိသူက MT News သို့ ပြောသည်။
“ဆီဘောက်ဆာပေါ်က လူ ၄ ယောက်ကတော့ ဒဏ်ရာ ပြင်းထန်တယ်။ စိုးရိမ်ရတယ်။ အခု အတိအကျ ပြောလို့မရသေးဘူး။ဆေးရုံကို ပို့ထားတယ်။ ကျန်တဲ့ Express ပေါ်က လူတွေကတော့ အန္တရာယ်ကင်းကြပါတယ်။ Express ပေါ်မှာ လူပါတာ ၃၅ ယောက်ထက် မနည်းဘူးလို့ သိရတယ်ဗျ။ ကားကျော်တက်ရင်းနဲ့ ဖြစ်တာလို့ ကြားတယ်။ (နန်းထိုက်စံ Express) ဘက်ကို လဲပြီး ဖြစ်တယ်လို့ လောလောဆယ် သိရတယ်။ ဆီသယ်ယာဉ်တစ်စီးက မီးမလောင်ဘူး”ဟု ၎င်းက ပြောသည်။
ယာဉ်တိုက်မှုမှာ နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ခေတ်အေးအုပ်စု၊ မရင်းကြီးကျေးရွာ၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ မိုင်တိုင်အမှတ် (၂၃၇ မိုင် ၄ ဖာလုံ)တွင် ယနေ့ ဇန်နဝါရီ ၁၃ ရက် သောကြာနေ့ ညနေ ၅ နာရီ မိနစ် ၄၀ ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် ဆီသယ်ယာဉ်(၁)စီးနှင့် ခရီးသည်တင်ယာဉ်မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။