![](https://www.mtnewstoday.com/wp-content/uploads/2025/01/1000045957.jpg)
၂၉. ၁. ၂၀၂၄
Written by Nyein Kyaw
အမျိုးသမီးများ စစ်မှုထမ်းရန် စာရင်းကောက်ခံနေသည်ဆိုသောသတင်းမှာ ကောလာဟလ သတင်းသာ ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) သတင်းထုတ်ပြန်ရေးအဖွဲ့မှ ယနေ့တွင် ဖြေကြားထားသည်။
ပြည်သူ့စစ်မှုထမ်းဆောင်ရန်အတွက် အသက်အရွယ် အကျုံးဝင်သည့် အမျိုးသမီးများကို စာရင်းကောက်ခံမှုများပြုလုပ်နေကြောင်း တရားမဝင် Exile မီဒီယာများက သတင်းတု၊ သတင်း အမှားများဖြင့် လှုံ့ဆော်ရေးသားဝါဒဖြန့်ဝေလျက်ရှိကြောင်း ဖော်ပြထားသည်။
“အဆိုပါသတင်းနှင့်ပတ်သက်၍ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ပြည်သူ့စစ်မှုထမ်းဆောင်ရန်အတွက် အမျိုးသမီးများကို စာရင်းကောက်ယူနေသည့်သတင်းမှာ မှန်ကန်မှုမရှိကြောင်း၊ တရားမဝင်ပြည်ဖျက်မီဒီယာများက ပြည်သူ့စစ်မှုထမ်း ဆောင်ခြင်းနှင့်ပတ်သက်ပြီး အများပြည်သူ စိုးရိမ်ပူပန်မှုများဖြစ်ပေါ်စေရန် ကောလာဟလသတင်းများဖြင့် ဝါဒဖြန့်လှုံ့ဆော်နေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။” ဟု ဖြေကြားထားသည်။
ပြည်ပရောက် တရားမဝင် Exile မီဒီယာများက ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်း၊ သန်လျင်၊ ခရမ်း၊ သုံးခွ၊ ဒေါပုံ၊ လှိုင်သာယာ၊ ဒဂုံမြို့သစ်တောင်ပိုင်း စသည့်မြို့နယ်များရှိ အသက် ၁၈ နှစ်မှ ၂၇ နှစ်ကြား အမျိုးသမီးများကို စစ်မှုထမ်းရန်အတွက် ကိုယ်ရေးအချက်အလက်များကို ကောက်ခံလျက်ရှိကြောင်း မဟုတ်မမှန် သတင်းအမှားများကို ရေးသားဖော်ပြနေခြင်းဖြစ်သည်။