![](https://www.mtnewstoday.com/wp-content/uploads/2025/01/1000045956-1-1024x1024.jpg)
၂၉. ၁. ၂၀၂၅
Written by Nyein Kyaw
ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ ဆောက်လုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရန် ယခုဇန်နဝါရီလ နောက်ဆုံးအပတ်မှစတင်၍ ကော့သောင်းနယ်စပ်ဂိတ်နှင့် ပင်လယ်ရေကြောင်းတို့မှတစ်ဆင့် ဘိလပ်မြေများ တင်သွင်းခွင့်ပြုထားကြောင်း ဘိလပ်မြေတင်သွင်းမှုနှင့်သက်ဆိုင်သည့် တာဝန်ရှိသူများက ယနေ့တွင် အသိပေးထုတ်ပြန်ထားသည်။
ယခုအချိန်သည် ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် နိုင်ငံတစ်ဝန်းတွင် ဆောက်လုပ်ရေးလုပ်ငန်းများအား အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ဆောက်လုပ်ရေးလုပ်ငန်းများအတွက် ပြည်တွင်း ဘိလပ်မြေ ထုတ်လုပ်မှုများကို အားဖြည့်ရန်အတွက် ကော့သောင်းနယ်စပ် ကုန်သွယ်ရေးစခန်းမှလည်းကောင်း၊ ပင်လယ်ရေကြောင်းမှလည်းကောင်း ဘိလပ်မြေများအား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ နောက်ဆုံးအပတ်မှစတင်၍ တင်သွင်းခွင့်ပြုလျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံအနေဖြင့် တရုတ်၊ ထိုင်းနှင့် မလေးရှားနိုင်ငံတို့မှ ဘိလပ်မြေများကို အဓိကတင်သွင်းနေခြင်းဖြစ်ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၉၂ သန်းခွဲကျော်ရှိ တန်ချိန်တစ်သန်းကျော် တင်သွင်းမှုရှိခဲ့သည်။ ထို့နောက်တွင်မူ ပြည်တွင်း၌ ဘိလပ်မြေများ ထုတ်လုပ်လာမှုကြောင့် ပြည်ပမှတင်သွင်းမှု အထိုက်အလျောက် လျော့ကျလာခဲ့ခြင်းဖြစ်သည်။