
၂၈.၁. ၂၀၂၅
Written by Phyo Wei
ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရာမှာ လူစားထိုးလဲလှယ်ပေးမယ်ဆိုပြီး ကျပ်သိန်း ၁၃၀ တောင်းခံခဲ့တဲ့ မြို့နယ်ရဲမှူးအပါအဝင် ၄ ဦးကို အရေးယူလိုက်သလို အလွဲသုံးစားလုပ်ခံခဲ့ရတဲ့ ကျပ်သိန်း ၁၃၀ ကို သက်ဆိုင်ရာမိသားစုထံ ပြန်လည်ပေးအပ်ခဲ့တဲ့ ဒီတစ်ပတ်မှာပဲ အမြန်လမ်းပေါ်တက်ပြီး ဗုံးကြဲတိုက်ခိုက်နေတဲ့ မြင်းခြံဘက်က PDF အဖွဲ့တွေ စခန်းချရာ ဆင်းဂွတ်ရွာစာသင်ကျောင်းကို လေကြောင်းတိုက်ခိုက်မှု ပြုရာမှာ PDF နဲ့ ဆက်နွှယ်သူ ၁၉ ဦးခန့်သေဆုံးပြီး ဒဏ်ရာရသူများပြားတဲ့ဖြစ်စဥ်တွေရှိခဲ့ပါတယ်။
အခြားတစ်ဖက်မှာလည်း PDF တွေ ပြည်သူ့ရင်ခွင် ပြန်လည်ဝင်ရောက်မှု များပြားလာစေရေးနဲ့ စစ်မှုထမ်းတိုးမြှင့်ခေါ်ဆောင်ရေး နိုင်ငံရေးပါတီတွေက NSPNC ထံ အကြံပြု ဆွေးနွေးလာတာ၊ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းမှု မကြာမီပြန်လည်ရရှိဖို့ ဗီယက်နမ်နိုင်ငံမျှော်လင့်နေတယ်လို့ ထုတ်ပြောလာတာ၊ ခေတ်နဲ့အညီ စစ်နည်းဗျူဟာ၊ စစ်လက်နက်၊ စစ်အတတ်ပညာတွေကို တိုးချဲ့သင်ကြားပေးပြီး ကာကွယ်ရေးနဲ့ လုံခြုံရေးတာဝန်တွေ ပိုင်နိုင်စွာထမ်းဆောင်နိုင်ရေး စနစ်တကျ လေ့ကျင့်ပေးဖို့ SAC ဥက္ကဋ္ဌ ပြောကြားလာတာ၊အကြမ်းဖက်အဖွဲ့အစည်းတွေကို အားပေးအားမြှောက်ပြုပြီး ပြည်သူ ထိတ်လန့်စေတဲ့ သတင်းတွေ၊ တည်ငြိမ်အေးချမ်းမှုပျက်ပြားစေမယ့် သတင်းတွေ ရေးသားဖော်ပြတဲ့ သတင်းမီဒီယာကို တည်ဆဲဥပဒေနဲ့အညီအရေးယူဆောင်ရွက်မယ်လို့ ပြန်ကြားရေးဝန်ကြီးပြောကြားလာတဲ့ဖြစ်စဥ်တွေအပြင် ၂၀၂၅ ခုနှစ်အတွက် ကမ္ဘာ့စစ်အင်အားအတောင့်တင်းဆုံး နိုင်ငံစာရင်းမှာ မြန်မာနိုင်ငံက ကမ္ဘာ့အဆင့် ၃၇ နေရာ ရပ်တည်နေပြီး မနှစ်ကထက် အဆင့်ကျဆင်းလာတယ်ဆိုတဲ့ဖြစ်စဥ်တွေရှိပေမဲ့ ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်အဖြစ်တော့ AA ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုအကြောင်း၊ အမေရိကန်ဖြတ်တောက်မယ့် မြန်မာ့ထောက်ပံ့ကြေးတွေအကြောင်းနဲ့ မဲခေါင် – လန်ချမ်းနိုင်ငံတွေ ပူးပေါင်းပြီး ကျားဖြန့် တိုက်ဖျက်မယ့် ဇင်ယော်စစ်ဆင်ရေး အပိုင်း (၂) အကြောင်းတွေကို သုံးသပ်ချင်ပါတယ်။
AA ကျူးလွန်တဲ့ စစ်ရာဇဝတ်မှု
ဖမ်းမိထားတဲ့ တပ်မတော်သားစစ်သုံပန်းတွေကို ရခိုင်လက်နက်ကိုင် AA အဖွဲ့က လည်လှီးသတ်ဖြတ်တဲ့ စစ်ရာဇဝတ်မှုအပေါ် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) က စုံစမ်းစစ်ဆေးပေးဖို့ အရှေ့တောင်အာရှအခြေစိုက် လူ့အခွင့်အရေးအဖွဲ့ Fortify Rights (FR) က တောင်းဆိုလာပါတယ်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့မှာ ထွက်ပေါ်လာတဲ့ရုပ်သံဖိုင်နဲ့ FR က ရရှိထားတဲ့ ရုပ်သံဖိုင်မှာ ရခိုင်စကားပြောနေတဲ့ AA လက်နက်ကိုင်တွေက တပ်မတော်သားစစ်သုံပန်းနှစ်ဦး AA တပ်မှူးအမိန့်နဲ့ ညှင်းပန်းနှိပ်စက် လည်လှီးသတ်ဖြတ်မှုဟာ အစစ်အမှန်ဖြစ်တယ်လို့ AA ပြောခွင့်ရ ခိုင်သုခကပါ ဝန်ခံခဲ့ရပြီး လူမျိုးရေးမုန်းတီးစိတ်ကြီးကြီးနဲ့ ရခိုင်ဘုရင့်နိုင်ငံတော်ကို ပြန်အသက်သွင်းချင်နေတဲ့ AA အဖို့ သူတို့လက်နက်ကိုင်အဖွဲ့ဟာ မူးယစ်ဆေးတွေဖြန့်ရင်း၊ ဘင်္ဂါလီတွေကို မုဒိမ်းကျင့်၊ လူကုန်ကူး၊ စစ်မှုထမ်းစုဆောင်းရင်း ကျူးလွန်ချင်တိုင်းကျူးလွန်ပြီး လူရာချီသတ်ဖြတ်မှုတွေဟာ တပ်မတော်သားစစ်သုံပန်းနှစ်ဦးကို အရသာခံသတ်ချိန်မှ ကြမ္မာငင်လာခဲ့တာပါ။
ရခိုင်မြေဟာ အိန္ဒိယရဲ့ ကုလားတန်စီမံကိန်းဇုန်၊ တရုတ်နိုင်ငံရဲ့ ပင်လယ်နဲ့ လောင်စာထွက်ပေါက် ကျောက်ဖြူစီးပွားရေးဇုန်အပြင် အစ္စလာမ္မစ်အဖွဲ့အစည်းတွေအာရုံစိုက်မှုအပြင် လူ့အခွင့်အရေးဗန်းပြ တရုတ်ကို ကောင်တာထောက်ချင်တဲ့ အမေရိကန်တို့ရဲ့ အရှေ့တီမောလို ကိုယ်ပိုင်နယ်မြေနိုင်ငံသစ်ပေါ်ထွက်ရေးကြိုးပမ်းရာနယ်မြေဖြစ်နေသလို ဘင်္ဂလားဒေ့ရှ်ရဲ့ Great Bengal အိပ်မက်လည်း ပါနေပြန်သေးတာမို့လို့ ကမ္ဘာ့အင်အားကြီးနိုင်ငံ သုံးခု၊ ဘာသာရေးနဲ့ လူ့အခွင့်အရေးအသုံးချရမယ့် အမေရိကန်နိုင်ငံနဲ့ OIC လို အဖွဲ့အစည်းကြီးတစ်ခု၊ နိုင်ငံပိုင်နက်နယ်မြေ ချဲ့ထွင်ချင်တဲ့ အိမ်နီးချင်းနိုင်ငံတစ်ခုကြားထဲမှာ အနေအထိုင်မတတ်တဲ့ စစ်ဘုရင်စနစ်ကို တစ်ခါပြန် မွေးဖွားချင်တဲ့ AA ဟာ အခုအချိန်မှာ အနောက်အုပ်စုနဲ့ အဖွဲ့အစည်းတွေရဲ့ စစ်ရာဇဝတ်မှုကျုးလွန်နေတဲ့ အဖွဲ့အစည်းလို့ သူတို့ကျူးလွန်ခဲ့တာတွေနဲ့ ပုံဖော်ခံနေရတာလည်း မြင်ရပါတယ်။ တကယ့်တကယ်လည်း AA ဟာ စစ်သုံပန်းတွေကို တရားလက်လွတ်သတ်တာ၊ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်က ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာအနီးမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ မိသားစုဝင်တွေနဲ့ နိုင်ငံ့ဝန်ထမ်းတွေ အပါအဝင် လူ ၉၀၀ ကျော်ကို စောင့်ဆိုင်းကယ်ထုတ်နေတဲ့ ကယ်ဆယ်ရေးကမ်းထိုးရေယာဉ် (၃)စင်းကို ရခိုင်လက်နက်ကိုင် AA အဖွဲ့က ပစ်ခတ်နစ်မြုပ် တိုက်ခိုက်သတ်ဖြတ်ခဲ့တာ၊ မောင်တောနဲ့ ဘူးသီးတောင်မြို့သိမ်းပွဲမှာ ဘင်္ဂါလီတွေရာချီသတ်၊ နေအိမ်တွေ မီးရှို့ဖျက်ဆီး၊ ပစ္စည်းတွေ ဖောက်ထွင်းလုယက်ပြီး ဘင်္ဂါလီအမျိုးသမီးများစွာကို မုဒိမ်းကျင့်ခဲ့တာတွေရဲ့ အရိုးတွန်သံ ပြန်နားထောင်နေရပြီဖြစ်လို့ ဒီ စစ်ရာဇဝတ်မှု စွဲချက်တွေကနေ အသိဉာဏ်မဲ့ AA ဘယ်လို လွတ်လမ်းရှာမလဲ စောင့်ကြည့်ချင်စရာဖြစ်သလို အငတ်ဘေးရင်ဆိုင်နေရပြီဖြစ်တဲ့ ရခိုင်လူထုသိန်းချီရဲ့ မျက်ရည်ကလည်း ဘယ်နှစ်နစ် ဝဋ် ဆက်ခံကြမလဲ တွေးချင်စရာပါ။
အမေရိကန်ဖြတ်တောက်မယ့် မြန်မာ့ထောက်ပံ့ကြေး
၂၀၂၁ နွေဦးတော်လှန်ရေးဖြစ်စဉ်ဖြစ်အပြီးမှာ ပြည်ပထွက်ပြေးကြသူတွေက မြန်မာ့နိုင်ငံရေးမှာ ဝင်ရောက်မွှေနှောက်ဖို့ ကြံရွယ်နေတဲ့ အမေရိကန် အလွယ်တကူဝင်လို့ရအောင် တောင်းဆိုမှုတွေကြောင့် အမေရိကန်ရဲ့ စစ်ရေးဘတ်ဂျက်ဖြစ်တဲ့ NDAA မှာ ၂၀၂၂ ဘဏ္ဍာရေးနှစ် အတွက်ကစပြီး ဒေါ်လာ သန်း ၂၀၀ ပတ်လည် မြန်မာ့အရေးအတွက် အသုံးပြုမယ်ဆိုတဲ့ အချက် စတင် ပါလာခဲ့ပါတယ်။ ဒါ့အပြင် အမေရိကန်သမ္မတက ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် အမျိုးသားကာကွယ်ရေးအက်ဥပဒေ (National Defense Authorization Act-NDAA) (H.R.7900) ကို ၂၀၂၂ ဒီဇင်ဘာ ၂၃ ရက်က အတည်ပြုခဲ့ပြီး အဲဒီ အက်ဥပဒေမှာ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ‘Burma Act of 2022’ ပါဝင်ခဲ့သလို အဲဒီ NDAA ရဲ့ Burma Act အခန်း (၃) မှာ ကူညီထောက်ပံ့မှုပေးခြင်းကဏ္ဍပါဝင်ပြီး မြန်မာ နိုင်ငံကို ၂၀၂၃ ခုနှစ်ကနေ၂၀၂၇ ခုနှစ်အထိ ၅ နှစ် အကူအညီပေးမယ် ပါရှိခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်အတွက် အကူအညီကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့တောင်အာရှဌာနက ဒေါ်လာ သန်း ၅၀ ဖိုးနဲ့ အခြားဌာနတစ်ခုက ဒေါ်လာ ၄ သန်း စုစုပေါင်း ဒေါ်လာ ၅၄ သန်းကူညီမယ့် အခြေအနေရှိခဲ့သလို NDAA အရ မြန်မာနိုင်ငံကို ၂၀၂၃ ခုနှစ်အတွင်း လူသားချင်း စာနာမှုအထောက်အပံ့ဆိုပြီး ဒေါ်လာသန်း ၂၂၀ လည်း ခွင့်ပြုခဲ့တာပါ။
အဲဒါက ၂၀၂၃ အတွက်ပဲဖြစ်ပြီး ကျန်တဲ့နှစ်တွေအတွက် မပါတာကြောင့် အမေရိကန်ရဲ့ NDAA မှာ ၂၀၂၄၊ ၂၀၂၅၊ ၂၀၂၆၊ ၂၀၂၇ နှစ်တွေအတွက် မြန်မာပြည်က ဒီမိုကရေစီလှုပ်ရှားသူဆိုတဲ့အစုအဖွဲ့ကို ကူညီရေးအသုံးစရိတ်ကို ဘိုင်ဒန်အပါအဝင် ဆက်ခံတဲ့အစိုးရတွေက လွှတ်တော်မှာ နှစ်စဥ်တင်ပြပြီး အသုံးစရိတ်တောင်းခံရမဲ့သဘောဖြစ်တယ်လို့ ယူဆရသလို Burma Act အရ ဒေါ်လာ သန်း ၅၀ က နှစ်စဉ်ရနေမှာဖြစ်တယ်လို့လည်း သိရပြီး လူသားချင်းစာနာမှုအသုံးစရိတ်တွေကတော့ တိတိပပ မသိရတော့တဲ့အခြေအနေပါ။ ဒါပေမဲ့လည်း ၂၀၂၂ ခုနှစ်မှာလည်း သန်း ၂၀၀ နီးပါး၊ ၂၀၂၃ မှာ ဒေါ်လာ သန်း ၂၇၀ လောက်အပြင် ၂၀၂၄ ခုနှစ်ထဲမှာလည်း အမေရိကန်က ထပ်တိုးရန်ပုံငွေ၊ လူသားချင်းစာနာမှုခေါင်းစဉ်အောက်မှာ ဒေါ်လာ ၁၄၁ သန်းအထိ ပေးထားတာဖြစ်လို့ ဒီလိုမျိုး NUG၊ PDF နဲ့ EAOs တွေအပါအဝင် ဒီမိုကရေစီအရေး တိုက်ပွဲဝင်နေတယ်ဆိုတဲ့ အဖွဲ့အစည်းတွေကို နည်းပညာနဲ့ လူကိုသေစေနိုင်ခြင်းမရှိတဲ့အရာတွေကို အမေရိကန် ထောက်ပံ့ကူညီပေးမယ်ဆိုတာတွေက မြန်မာ့အရေးကို ပိုမိုရှုပ်ထွေးစေခဲ့တဲ့အပြင် အဆိပ်ပင်ရေလောင်းနေတာလို့လည်း မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းစေချင်သူတွေက မှတ်ယူနေကြတာပါ။
ဒီလိုမျိုး မှတ်ယူခံနေရတဲ့ NDAA နဲ့ Burma Act ဟာ Trump တက်လာအပြီးမှာတော့ အားလုံး ယာယီရပ်ဆိုင်းသွားခဲ့သလို အမေရိကန်အိပ်မက်နဲ့ ဝရမ်းပြေးမဖြစ်ဖြစ်အောင် ပြစ်မှုမျိုးစုံကျူးလွန်သူတွေကိုလည်း ဒုက္ခသည်စာရင်းသွင်း ခေါ်တော့မှာမဟုတ်လို့ ဘိုင်ဒန် အခေါ်မခံရတဲ့ တတိယနိုင်ငံအိပ်မက်မက်သူတွေရဲ့ခရီးဟာ ဒုက္ခသည်စခန်းမှာ လမ်းပျောက်တော့မယ့်သဘောပါ။ ဒီအထဲမှာ ကျန်းမာရေးဆိုင်ရာစောင့်ရှောက်မှုပေးနေတာတွေကလည်း ထရန့်ရဲ့ WHO အပါအဝင် အဖွဲ့အစည်းတွေက နုတ်ထွက်မှုကြောင့် ရန်ပုံငွေ မလည် ပတ်မှုကိုလည်း ရင်ဆိုင်နေရပြန်ပြီဖြစ်ပါတယ်။ ဒါဟာ မြန်မာပြည်က HIV နဲ့ တီဗီရောဂါသည်သိန်းနဲ့ချီအဖို့ သတင်းဆိုးပါ။ ဒီအထဲမှာ ပိုလို့အထိအနာဆုံးက တတိယနိုင်ငံအိပ်မက်နဲ့ နယ်စပ်မှာ ဇောင်းကြွနေသူတွေရဲ့ အိပ်မက်အဆုံးသတ်လုနီးဖြစ်သွားတာ၊ အမေရိကန်က ထောက်ပံ့နေတဲ့ နှစ်စဥ်သန်း ၂၀၀ ကျော်၊ ၃၀၀ နီးပါးဟာ NUG အလှူခံလို့ရနေတာထက် အဆပေါင်းများစွာ များနေလို့ ဒီငွေနဲ့ ပြည်ပပြေးလိုသူတွေ ထိုင်စားပြီး အလှူခံရငွေတချို့နဲ့ စစ်ပွဲလုပ်စားနေသူတွေ ပိုအထိနာတာပါ။ အမေရိကန်နဲ့ အဖွဲ့အစည်းတွေက ထောက်ပံ့ငွေ မပေးတော့ရင် အလှူခံရသမျှက စားဖို့သုံးရမှာဖြစ်လို့ လာမယ့် သုံးလလောက်အထိတော့ NUG ထိုးစစ်မဆင်နိုင်ဖြစ်တော့မယ့် သဘောမို့ အရာရာဟာ ကံကံ၏ အကျိုးနဲ့ ချိန်ဆမယ်ဆို ငြိမ်းချမ်းစွာနေထိုင်လိုသူတွေ ဇာတာတက်လာပြီး ပြည်ပအိပ်မက်နဲ့ နိုင်ငံဖျက်ဆီးသူတွေအဖို့တော့ ပြုကျင့်ခဲ့တဲ့ ကာလနဲ့ထပ်တူ စိတ်ဆင်းရဲပူပန်ရမယ့်ကာလ ပြန်ရောက်လာတာပဲလို့ နှလုံးသွင်းချင်စရာပါ။
ဇင်ယော်အပိုင်း (၂)
လန်ချမ်း -မဲခေါင်နိုင်ငံ ၆ နိုင်ငံစုပေါင်းပြီး အွန်လိုင်းလိမ်လည်မှု ကျားဖြန့် တိုက်ဖျက်ရေး ဇင်ယော်လှုပ်ရှားမှုအတွင်း တရားခံပေါင်း ၇၀၀၀၀ ကျော်ဖမ်းဆီးနိုင်ခဲ့လို့ လက်ရှိနှစ်အတွင်းမှာလည်း ဇင်ယော်ပူးပေါင်းလှုပ်ရှားမှု ဒုတိယပိုင်း ဆက်လက်လုပ်ဆောင်မယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက အသိပေးလာပါတယ်။
လန်ချန်း-မဲခေါင် တရားဥပဒေစိုးမိုးရေးပူးပေါင်းဆောင်ရွက်မှုစင်တာ (LMLECC)ဟာ ဇန်နဝါရီလ ၂၁ ရက်နေ့က တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကူမင်းမြို့မှာ “ဇင်ယော်” ပူးပေါင်းလှုပ်ရှားမှု ပြန်လည်သုံးသပ်ခြင်းအစည်းအဝေးကို ကျင်းပခဲ့သလို “ဇင်ယော်” တရားဥပဒေစိုးမိုးရေး ပူးပေါင်းလှုပ်ရှားမှုဟာ ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ် စတဲ့ ၆ နိုင်ငံက တရားဥပဒေစိုးမိုးရေးဌာနတွေ ညှိနှိုင်းပြီး ဒေသဆိုင်ရာ ဆက်သွယ်ရေးလိမ်လည်မှု၊ ကွင်းဆက်ရာဇ၀တ်မှုတွေနဲ့ လက်နက်ခဲယမ်းမှောင်ခိုမှုတွေကို အတူတကွ တိုက်ဖျက်ခဲ့ကြတာပါ။ ဒီတိုက်ဖျက်မှုမှာ ဆက်သွယ်ရေးလိမ်လည်မှုကို အဓိကထားတဲ့ ရာဇဝတ်မှု စုစုပေါင်း ၁၆၀ မှုကို စုံစမ်းဖော်ထုတ်နိုင်ခဲ့သလို တရားခံပေါင်း ၇ သောင်းကျော် ဖမ်းဆီးခဲ့ကာ ပြည်သူ ၁၆၀ ဦးကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။ ဒါကြောင့်မို့လို့ လက်ရှိနှစ်ရဲ့ သင့်လျှော်တဲ့အချိန်ကောင်းမှာ “ဇင်ယော်” ပူးပေါင်းလှုပ်ရှားမှု ဒုတိယအပိုင်းကို စတင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
မြန်မာ့မြေ မြဝတီပေါ်က နာမည်ပျက်နေတဲ့ ကျားဖြန့်ဟာ တရုတ်ရာဇဝတ်ဂိုဏ်းတွေ၊ ထိုင်းရဲ့ လျှပ်စစ်နဲ့ အခြေခံအဆောက်အအုံအထောက်အပံ့အပြင် လူကုန်ကူးပေးတာကို ကရင်လက်နက်ကိုင်တွေက စီးပွားဖြစ်လည်ပတ်နေတာပါ။ ဒီအခြေအနေကြောင့် မြန်မာအစိုးရဘက်က ထိုင်းဘက်ကို ဝေဖန်ထောက်ပြလာအပြီးမှာတော့ ထိုင်းနိုင်ငံဟာ ကျားဖြန့်အရေးအတွက် နှစ်နိုင်ငံရော၊ တပ်မတော်ချင်းပါ ပူးပေါင်းဆောင်ရွက်မှာဖြစ်သလို ကျားဖြန့်စခန်းတွေနဲ့ ပတ်သက်လို့ ထိုင်းအစိုးရက မြန်မာအစိုးရကို အပြစ်မပြောပါဘူးလို့ပါ ထုတ်ပြောလာတာ တွေ့ရပါတယ်။
ဒါ့အပြင် လုံခြုံရေးအာဏာပိုင်တွေက ညွှန်ကြားလာရင် ကျားဖြန့်လုပ်ငန်းတွေ တိုက်ဖျက်ရေးအတွက် ဓာတ်အားပေးနေမှု ဖြတ်တောက်မယ်လို့ ထိုင်းဘက်က ဝန်ခံထုတ်ပြောလာတာ တွေ့ရပါသေးတယ်။ ထိုင်းနိုင်ငံဟာ မြဝတီဘက်က ကျားဖြန့်တွေကို လျှပ်စစ်ဓာတ်အား ရောင်းချရာမှာ အခြားနိုင်ငံတွေကို ရောင်းချတဲ့နှုန်းထက် အဆမတန်တင်ထားလို့ ၂၀၂၄ မေလ တစ်လတည်းကတင် KNU ရဲ့ KK Park က မီးသုံးစွဲခ ဘတ်သန်း ၃၀ ရခဲ့တယ်လို့ ထိုင်းသတင်းတွေကလည်း ဖော်ပြကြပါတယ်။ ဒါ့အပြင် ကျားဖြန့်နှိမ်နင်းရေးအတွက် နိုင်ငံတော်အစိုးရအပြင် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ပါ ပူးပေါင်းဆောင်ရွက်မယ်လို့ ကရင်နယ်ခြားစောင့်တပ် BGF ကြေညာလာတဲ့ဖြစ်စဥ်တွေ မြင်တွေ့ခဲ့ရပါသေးတယ်။ သေချာတာကတော့ ဇင်ယော်အပိုင်း (၂) ဟာ ကျားဖြန့်နာမည်ပျက် ရွှေကုက္ကိုကို လည်ပတ်နေတယ်ဆိုတဲ့ BGF ကို တိုက်ရိုက်ထိခိုက်ဖို့ များနိုင်သလို ပတ်သက်မှုရှိနေတယ်လို့ အသံထွက်တဲ့ DKBA အဖို့လည်း မလွယ်ပြန်ပါဘူး။ အခြားတစ်ဖက်မှာလည်း KK Park ကို လက်မှတ်ထိုးပေးခဲ့တဲ့ KNU ဥက္ကဋ္ဌ ပဒိုကွယ်ထူးဝင်းတို့ KNU/KNLA နဲ့ သူတို့ကို မှီတည်နေတဲ့ PDF တွေအဖို့လည်း လွယ်မှာ မဟုတ်ပေမဲ့ မြန်မာနိုင်ငံအဖို့လည်း ရှမ်းမြောက်လိုထပ်ဖြစ်ပြီး အုပ်ချုပ်မှုအာဏာ အလုံးစုံလက်လွှတ်လိုက်ရတာမျိုးမဖြစ်ရအောင်၊ နယ်မြေချဲ့ထွင် ပဒေသရာဇ်စစ်ဘုရင် လုပ်နေကြတဲ့ ကရင်လက်နက်ကိုင်တွေလည်း ထိန်း ချုပ်နိုင်အောင် ဇင်ယော် အပိုင်း (၂) နဲ့ ဟန်ချက်ညီညီ လုပ်ဆောင်သင့်တယ်လို့ တင်ပြရင်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက် ရပ်နားပါရစေ။