![photo_2025-01-29_16-27-04](https://www.mtnewstoday.com/wp-content/uploads/2025/01/photo_2025-01-29_16-27-04-1024x1055.jpg)
၂၉. ၁. ၂၀၂၅
Translated by Thettant
အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာ ကျင်းပနေတဲ့ ဟိန္ဒူဘာသာဝင်တွေရဲ့ ဓလေ့ထုံးတမ်းပွဲတော် မဟာကုမ့်မေလာ ရေချိုးပွဲတော်အတွင်း လူအုပ်ပြိုမှုဖြစ်ပွားလို့ နင်းမိတာကြောင့် သေဆုံးသူ အနည်းဆုံး ၁၂ ဦးအထက် ရှိနိုင်သလို ဆယ်ဦးအထက် ဒဏ်ရာရခဲ့တယ်လို့လည်း နိုင်ငံတကာသတင်းဖော်ပြမှုတွေအရ သိရပါတယ်။
![](https://www.mtnewstoday.com/wp-content/uploads/2025/01/photo_2025-01-29_16-27-03-2-1014x1024.jpg)
![](https://www.mtnewstoday.com/wp-content/uploads/2025/01/photo_2025-01-29_16-27-03-1013x1024.jpg)
![](https://www.mtnewstoday.com/wp-content/uploads/2025/01/photo_2025-01-29_16-27-05.jpg)
အိန္ဒိယနိုင်ငံ၊ ဥတ္တာပရာဒက်ရှ်ပြည်နယ်ရှိ မြို့ကြီးတစ်မြို့ဖြစ်တဲ့ ပရေရာဂရပ်(Prayagraj) မြို့မှာဖြစ်ပွားတဲ့ ဒီရေချိုးပွဲတော်ဟာ ခြောက်ပတ်ကြာ ကျင်းပနေတဲ့ ပွဲတော်ဖြစ်ပြီး လူအုပ်ပြိုမှုဖြစ်စဥ်က ဇန်နဝါရီ ၂၈ ရက် နံနက် ၁ နာရီကနေ ၂ နာရီကြား ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
ဒီဖြစ်စဥ်နဲ့ ပတ်သက်လို့ ဝန်ကြီးချုပ် မိုဒီက လူမှုကွန်ရက် X မှာ မိမိတို့ချစ်မြတ်နိုးရသူများကို ဆုံးရှုံးခဲ့ရသော ကိုးကွယ်ဆည်းကပ်သူများအတွက် ဝမ်းနည်းကြောင်း ပြောကြားခဲ့သလို “ဒေသန္တရအုပ်ချုပ်ရေးက ဒုက္ခသည်တွေကို တတ်နိုင်သမျှ နည်းမျိုးစုံနဲ့ ကူညီဆောင်ရွက်ပေးနေပါတယ်” လို့ ရေးသားခဲ့ပါတယ်။
လူအုပ်ပြိုကျမှုအပြီး ဗီဒီယိုတွေနဲ့ ဓာတ်ပုံတွေမှာ ရုပ်အလောင်းတွေကို ထမ်းစင်နဲ့ မြေပြင်ပေါ် ထိုင်နေသူတွေက ငိုယိုဟစ်ကြွေးရင်း အလောင်းတွေကို ဆွဲယူသွားတာ မြင်တွေ့ရပြီး လူနင်းမှုက လွတ်မြောက်ဖို့ ကြိုးပမ်းသူတွေကလည်း ကျန်ရစ်တဲ့ အဝတ်တွေ၊ ဖိနပ်တွေ၊ ကျောပိုးအိတ်တွေနဲ့ စောင်တွေပေါ်ကနေ ခုန်ကျော်သွားတာကို တွေ့ခဲ့ရပါတယ်။
![](https://www.mtnewstoday.com/wp-content/uploads/2025/01/photo_2025-01-29_16-27-06.jpg)
![](https://www.mtnewstoday.com/wp-content/uploads/2025/01/photo_2025-01-29_16-27-07-2.jpg)
![](https://www.mtnewstoday.com/wp-content/uploads/2025/01/photo_2025-01-29_16-27-07.jpg)
အနည်းဆုံး လူ သန်း ၁၀၀ ကျော် တက်ရောက်ဖို့ မျှော်လင့်ထားတဲ့ ဒီပွဲတော်မှာ လူအုပ်ပြိုမှုဟာ အတားအဆီးတစ်ဖက်၊ လုံခြုံရေးတစ်ဖက်ကြားမှာ ဘာသာရေးသက်ဝင်ယုံကြည်မှုအရ ရေသန့်စင်လိုသူတွေရဲ့ တွန်းအားတိုးအားကြောင့် ဖြစ်ပွားခဲ့တာဖြစ်ပေမယ့်လည်း ဂင်္ဂါနဲ့ ယမုံနာမြစ်တစ်လျှောက်က ရေချိုးပွဲတော်နေရာ အများစုမှာတော့ ပွဲတော်ဆင်နွှဲတာတွေ ဆက်ရှိနေဆဲဖြစ်ပါတယ်။
ဒါ့အပြင် အိန္ဒိယ စံတော်ချိန် ဒီ ဗုဒ္ဓဟူးနေ့မနက်ခင်း ၈ နာရီမှာ လူ ၂၈ သန်းလောက် ရေချိုးပွဲတော်မှာပါဝင်နေဆဲလို့ အာဏာ ပိုင်တွေက ပြောခဲ့သလို ဇန်နဝါရီလ ၃၁ ရက်မှာ စတင်တဲ့ ဒီပွဲတော်အတွင်း ပါဝင်ဆင်နွှဲသူ သန်း ၂၀၀ နီးပါးအထိရှိပြီလို့လည်း ဆိုပါတယ်။
Ref , Reuters & BBC & The New York Times