![photo_2025-01-29_13-02-58](https://www.mtnewstoday.com/wp-content/uploads/2025/01/photo_2025-01-29_13-02-58.jpg)
၂၉.၁.၂၀၂၅
Translated by Htwe Ko Tun
ထိုင်းအစိုးရအနေနဲ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ နိုင်ငံရပ်ခြားအကူအညီတွေကို ရက် ၉၀ ဆိုင်းငံ့ထားမယ်ဆိုတဲ့ အမိန့်ထွက်ပေါ်လာအပြီးမှာလည်း ဒုက္ခသည်တွေအတွက်ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ထိုင်းအစိုးရ၊ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနဝန်ကြီး ဆုံဆက် သက်ဆူတင်က ဇန်နဝါရီလ ၂၈ ရက်မှာ ပြောခဲ့ပါတယ်။
ထရန့်ရဲ့ နိုင်ငံရပ်ခြားအကူအညီတွေကို ဆိုင်းငံ့တယ်ဆိုတဲ့အမိန့်က ထိုင်းနိုင်ငံမှာရှိတဲ့ ဒုက္ခသည်တွေကို ကျန်းမာရေးစောင့်ရှောက်ဖို့ ဘဏ္ဍာငွေထောက်ပံ့မှုအပေါ် ချက်ချင်းထိခိုက်သက်ရောက်စေခဲ့တာပါပဲ။
ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနဝန်ကြီး ဆုံဆက် သက်ဆူတင်က မြန်မာနိုင်ငံနယ်စပ်၊ ထိုင်းဘက်ခြမ်းမှာရှိတဲ့ ဒုက္ခသည်စခန်း ကိုးခုမှာ စုစုပေါင်းဒုက္ခသည် ၁၀၀,၀၀၀ ခန့်ရှိတယ်လို့ဆိုပါတယ်။ သူက နိုင်ငံတကာ အဖွဲ့အစည်းတွေက ဒုက္ခသည်တွေကိုစောင့်ရှောက်ဖို့ ကုန်ကျစရိတ်တွေကို ကူညီနေကြတယ်လို့လည်း ပြောခဲ့ပါတယ်။ သူက နောက်ထပ် ဘယ်လိုကြေညာချက်တွေထွက်လာဦးမလဲ စောင့်ကြည့်တာပေါ့လို့ ပြောခဲ့ပါတယ်။
ထရန့်က သူ့ရဲ့မူဝါဒကို ပြီးခဲ့တဲ့ရက်သတ္တပတ်မှာ ကြေညာခဲ့အပြီးမှာ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေအဖို့ ဒုက္ခသည်စခန်းတွေမှာ သူတို့ရဲ့လုပ်ငန်းတွေဆောင်ရွက်ရာမှာ အခက်အခဲတွေဖြစ်လာကြတယ်လို့ ဘီဘီစီက ဇန်နဝါရီလ ၂၇ ရက်က ပြောကြားခဲ့အပြီးမှာ ထိုင်းကျန်းမာရေးဝန်ကြီးက အခုလိုမှတ်ချက်ပေးခဲ့တာပါပဲ။
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာရှိတဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်း တာဝန်ရှိသူတစ်ဦးက “အထောက်အပံ့က ဇန်နဝါရီလ ၂၄ ရက်အထိပဲပေးမယ်၊ ၈၅ ရက် ရပ်ဆိုင်းထားမယ်ဆိုတဲ့စာကို ကျွန်တော် ဇန်နဝါရီလ ၂၅ ရက်က ရခဲ့တယ်”လို့ ပြောခဲ့ပါတယ်။ ဒုက္ခသည်စခန်းအတွင်းက ဆေးရုံတစ်ရုံမှာဆိုရင် အမေရိကန်ရဲ့ ငွေကြေးထောက်ပံ့မှု ရပ်ဆိုင်းသွားတာကြောင့် ဆေးရုံဝန်ထမ်းတွေ အဓမ္မလျှော့ချခဲ့ရပြီး ဝန်ထမ်းတွေလျော့ ကျတာကြောင့် လူနာတွေလည်း ဆေးရုံက အတင်းဆင်းခိုင်းခဲ့ရတယ်ဆိုပါတယ်။
ထိုင်းနိုင်ငံ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့မှ အကြံပေးပုဂ္ဂိုလ် ဆူနိုင်း ဖာဆွတ်က X လူမှုကွန်ရက် ပလက်ဖောင်းမှာ “ဒေါ်နယ်ထရန့် အစိုးရရဲ့ နိုင်ငံရပ်ခြားအကူအညီတွေကို ရက် ၉၀ ဆိုင်းငံ့ထားမယ်ဆိုတဲ့ အမိန့်ကြောင့် ဒုက္ခသည်စခန်းတွေက ဆေးရုံတွေဆို ပိတ်ရမယ့်အခြေအနေရောက်ကုန်ပြီ။ စိတ်ပျက်စရာပဲ” လို့ မြန်မာဘာသာနဲ့ ရေးခဲ့ပါတယ်။
ဆုံဆက်ကတော့ ထိုင်းအစိုးရအနေနဲ့ ဒီကိစ္စအတွက် အဖြေရှာနေတယ်လို့ တုံ့ပြန်ပြောကြားခဲ့ပါတယ်။ ဒုက္ခသည်တွေအနေနဲ့ ဒီစခန်းတွေမှာနေလာတာကြာပြီဆိုတော့ သူတို့ကို စွန့်ပစ်တာ ဒါမှမဟုတ် နှင်ထုတ်တာတော့မလုပ်ပါဘူးလို့လည်း သူကပြောခဲ့ပါတယ်။
အမေရိကန်ရဲ့ငွေကြေးထောက်ပံ့မှု ရုပ်သိမ်းရင် ဘယ်ကထောက်ပံ့ငွေနဲ့ အစားထိုးဆောင်ရွက်မလဲ မေးရာမှာတော့ ဆုံဆက်က ဒီမူဝါဒက ယာယီသာဖြစ်ပါလိမ့်မယ်လို့ ဆိုခဲ့ပါတယ်။ သူက ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ဒုက္ခသည်တွေကိုစောင့်ရှောက်ရာမှာ အဓိကတာဝန်ရှိသူ မဟုတ်ပေမယ့် ဒုက္ခသည်တွေကို ဆေးဝါးကုသစောင့်ရှောက်ရာမှာတော့ မည်သူ့ကိုဖြစ်စေ ကုသပေးသွားမယ်လို့လည်းပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ဝန်ကြီးဌာနအနေနဲ့ ဒုက္ခသည်တွေကို ကျန်းမာရေးစောင့်ရှောက်ဖို့ အလေးထားရုံတင်မကဘူး၊ ဒုက္ခသည်တွေ၊ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ နိုင်ငံသားဖြစ်ဖို့ စောင့်ဆိုင်းနေသူတွေအပါအဝင် စုစုပေါင်း ၇၀၀,၀၀၀ လောက်ရှိတဲ့ သူတွေရဲ့ကိစ္စကိုလည်း အလေးထားတယ်လို့ပြောခဲ့ပါတယ်။
နောက်ဆုံးအနေနဲ့ ဆုံဆက်က သမ္မတ ထရန့်ရဲ့ မူဝါဒကြောင့် ထိခိုက်သက်ရောက်မှုရှိခဲ့သူတွေအကြောင်းတော့ ကျွန်တော်တို့ မပြောနိုင်ပါဘူး။ ဒီနိုင်ငံထဲနေတဲ့ တခြားအုပ်စုတွေကိုလည်း ကျန်းမာရေး စောင့်ရှောက်မှုနဲ့ အထောက်အပံ့ပေးမှုအားလုံးကို ပေးသွားမှာပါလို့ ပြောခဲ့ပါတယ်။
Ref- Bangkok Post