၂၉. ၁. ၂၀၂၅
Written by Nay Moe
စစ်မှူထမ်းဟောင်းတစ်ဦးကို ပျူစောထီးအမည်တပ်ကာ NUG ဩဇာခံ အုတ်ဖို PDF အဖွဲ့က ဦးခေါင်းကို ချောင်းမြောင်းပစ်ခတ် သတ်ဖြတ်လိုက်သည်ဟု ယနေ့နံနက်တွင် ဝန်ခံချက်ထုတ်ပြန်လာသည်။
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ သဖန်းပင်ဆိပ်ကျေးရွာနေ စစ်မှုထမ်းဟောင်းကိုတင်နိုင်ထွန်းအား ပျူစောထီးဟုဆိုကာ ယမန်နေ့ ဇန်နဝါရီ ၂၈ ရက် မွန်းလွဲ ၁ နာရီတွင် အုတ်ဖိုတာဆုံနှင့် သဖန်းပင်ဆိပ်ရွာကြားရှိ ကားလမ်းပေါ်၌ ဆိုင်ကယ်စီး၍ ပြန်လာစဥ် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို PDF များက ချောင်းမြောင်းစောင့်ဆိုင်းကာ သေနတ်ကျည် ၁ ချက် ဦးခေါင်းတည့်တည့် ပစ်ခတ်သတ်ဖြတ်လိုက်ကြပြီး ကိုတင်နိုင်ထွန်းထံမှ လက်ပစ်ဗုံးတစ်လုံး၊ မိုလ်ဘိုင်းဖုန်းတစ်လုံးနှင့် ဆိုင်ကယ်တစ်စီးတို့အား လုယက်ယူငင်ခဲ့သည်ဟု သိရသည်။
စစ်မှုထမ်းဟောင်း ကိုတင်နိုင်ထွန်းသည် ပျူစောထီးဖြစ်ကြောင်း၊ PDFများကို မျိုးဖြုတ်ပစ်မည်ဟု ကြွေးကြော်ထားသူဖြစ်ကာ PDF များ၏ အချက်အလက်များအား ထောက်လှမ်းသတင်းပို့ခြင်း၊ လူငယ်များအား ပေါ်တာဆွဲရန် သတင်းပေး ဖမ်းဆီးခိုင်းခြင်း၊ ပြည်သူများနှင့်ပတ်သက်၍ မမှန်သတင်းပေးကာ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ရန် လုပ်ဆောင်ခိုင်းနေသောကြောင့် ယခုလို ချောင်းမြောင်းသတ်ဖြတ်သည်ဟု အုတ်ဖို PDF အဖွဲ့က ဆင်ခြေပေးသော်လည်း အဆိုပါစွပ်စွဲချက်များ မှန်ကန်မှု ရှိ မရှိ MT News က အတည်မပြုနိုင်ချေ။