၂၉. ၁. ၂၀၂၅
Written by Nyein Kyaw
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှုပမာဏ လျာထားချက်ကို ပြည့်မီအောင်ဆောင်ရွက်နိုင်ရန် နိုင်ငံတော်က ချမှတ်ထားသည့် မူဝါဒများနှင့်အညီ သက်ဆိုင်ရာဌာနများနှင့် ပုဂ္ဂလိကအသင်းအဖွဲ့များက ပူးပေါင်းပြီး တွန်းအားပေးဆောင်ရွက်ရန် အထူးလိုအပ်ကြောင်း ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီဥက္ကဋ္ဌ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးက ယမန်နေ့က ပြုလုပ်သည့် အစိုးရ-ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ (၁/၂၀၂၅) ကြိမ်မြောက်အစည်းအဝေးတွင် ပြောကြားသည်။
တရားမဝင်လမ်းကြောင်းများမှ ကုန်သွယ်မှုမပြုနိုင်ရေး တားဆီးဆောင်ရွက်ရန် အရေးကြီးသကဲ့သို့ ပို့ကုန်တိုးမြှင့် တင်ပို့နိုင်ရေးအတွက် အမယ်သစ်ထုတ်ကုန်များကို ဖော်ထုတ်ပြီး ဈေးကွက်ရှာဖွေတင်ပို့နိုင်ရေး ဆောင်ရွက်ရန်လည်းလိုကြောင်း၊ ကုန်သွယ်မှုဆိုရာတွင် ပို့ကုန်နှင့်သွင်းကုန်လုပ်ငန်းနှစ်ရပ်လုံး ပါဝင်ကြောင်း၊ နိုင်ငံ၏ကုန်သွယ်မှုပမာဏ တိုးတက်ရန်အတွက် ပို့ကုန်ကိုတိုးမြှင့် လုပ်ဆောင်သွားရန် လိုအပ်သကဲ့သို့ ပို့ကုန်မြှင့်တင်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသည့် သွင်းအားစုများ တင်သွင်းခြင်းဖြင့် ကုန်သွယ်မှုအားမျှခြေဖြစ်ရန်လည်း လိုအပ်ကြောင်း ဗိုလ်ချုပ်ကြီးမြထွန်းက ပြောကြားသည်။
ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံအနေဖြင့် ပို့ကုန်ပမာဏ ဒေါ်လာ ၁၆ ဒသမ ၇ ဘီလျံနှင့် သွင်းကုန်ပမာဏ ဒေါ်လာ ၁၆ ဒသမ ၃ ဘီလျံ စုစုပေါင်းကုန်သွယ်မှုပမာဏ လျာထားချက် ဒေါ်လာ ၃၃ ဘီလျံရရှိရန် မျှော်မှန်းထားကြောင်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ရသုံးမှန်းခြေငွေစာရင်းဆိုင်ရာ အချက်အလက်များတွင် ဖော်ပြထားသည်။