![](https://www.mtnewstoday.com/wp-content/uploads/2025/01/1000045933.jpg)
![](https://www.mtnewstoday.com/wp-content/uploads/2025/01/1000045934-1024x538.jpg)
![](https://www.mtnewstoday.com/wp-content/uploads/2025/01/1000045931-576x1024.jpg)
![](https://www.mtnewstoday.com/wp-content/uploads/2025/01/1000045932.jpg)
၂၉.၁.၂၀၂၅
Translated by Htwe Ko Tun
ဂျပန်နိုင်ငံ၊ မြို့တော်တိုကျိုအနီး ယာရှီအိုမြို့၊ ဆေတားမားစီရင်စုတွင် ဇန်နဝါရီလ ၂၈ ရက်က ထရပ်ကားတစ်စီးမှာ ကားလမ်းပေါ် လမ်းဆုံနေရာတစ်ခုတွင် ခြောက်မီတာခန့်(၁၈ ပေခန့်)နက်သော တွင်းကြီး တစ်ခုအတွင်းသို့ကျသွားခဲ့ရာ တွင်းထဲတွင် ကျရောက်ပိတ်မိနေသည့် ထရပ်ကားယာဉ်မောင်းဟု ယူဆရသူအား ကယ်တင်နိုင်ရန် မီးသတ်တပ်ဖွဲ့ဝင်များက တစ်နေ့လုံးပင် ကြိုးစားဆောင်ရွက်နေကြကြောင်း သိရသည်။
မြေအောက်တွင်ပိတ်မိနေသူကို ကယ်ဆယ်နိုင်ရန် မီးသတ်တပ်ဖွဲ့ကလည်း ယန္တရားယာဉ်ကြီးများသုံး၍ ဆောင်ရွက်လျက်ရှိကြသည်။ ဇန်နဝါရီလ ၂၉ ရက် အစောပိုင်းတွင် ထရပ်ကား၏နောက်ပိုင်းကို တွင်းဝမှ ပြန်လည်တွေ့မြင်ကြရသော်လည်း ယာဉ်မောင်းဖြစ်သူ၏ ကံကြမ္မာကို မပြောနိုင်သေးပေ။
ရဲတပ်ဖွဲ့က အရေးပေါ်ဖုန်းဖြင့်အကြောင်းကြားမှုကို ဇန်နဝါရီလ ၂၈ ရက် နံနက် ၉ နာရီ မိနစ် ၅၀ တွင် ရရှိခဲ့ကြသည်။ လမ်းပြိုကျသဖြင့် ဖြစ်ပေါ်လာသော အဆိုပါတွင်းကြီးက ၁၀ မီတာခန့်ကျယ်ပြီး ခြောက်မီတာ ခန့်နက်ကြောင်း ဆေတားမားစီရင်စု တာဝန်ရှိသူများက ပြောခဲ့ကြသည်။
၎င်းတို့က မြေအောက်အနက် ၁၀ မီတာခန့်တွင်ရှိသော အညစ်အကြေးပိုက်များ ဆိုးရွားစွာယိုယွင်းပျက်စီးလာသည်မှစ၍ မြေအောက်ရှိ ရွှံ့နွံ အနည်အနှစ်များလည်း ပိုက်အတွင်းသို့စီးဝင်ကာ မြေအောက်တွင် အခေါင်းပေါက်ကြီးဖြစ်ပွားစေခဲ့ပြီး လမ်းပေါ်မှမော်တော်ယာဉ်များဖြတ်သန်းသွားနေရာတွင် မခံနိုင်တော့ဘဲ လမ်းပြိုကျခဲ့ခြင်းဟု ယူဆရကြောင်း ပြောခဲ့ကြသည်။
စွန့်ပစ်အညစ်အကြေးပစ္စည်းများပြိုကွဲရာမှ ထွက်လာသော ဟိုက်ဒြိုဂျင်ဆာလဖိုဒ်ဓာတ်ငွေ့မှ ဆာလဖျူရစ်အက်ဆစ်များဖြစ်ပေါ်လာကာ မြေအောက်တွင်တိုက်စားမှုပြုခြင်းဟုလည်း ဒေသခံအစိုးရက သံသယရှိကြောင်း သိရသည်။
အညစ်အကြေးပိုက်မှ မိလ္လာသန့်စင်ရေးစက်ရုံသို့ ဝင်ရောက်သော ရေထုထည် ပမာဏမှာလည်း လမ်းပြိုကျပြီးနောက်တွင် လျော့နည်းသွားခဲ့သည်။ ထို့ပြင် ထရပ်ကားကဖြတ်သန်း၍ လမ်းပြိုမကျမီလေးတွင် လမ်းမှာရေနစ်မြုပ်သွားကြောင်း မျက်မြင်တွေ့ရှိသူများက ပြောခဲ့ကြသည်။
Ref- Kyodo News