MT News
Written by Nay Aung
မြန်မာနိုင်ငံတွင် ၂၀၂၂ခုနှစ်အတွင်း ပေါက်ကွဲ၊ ထိခိုက်စေသည့် လက်နက်များ (Explosive Weapon) အသုံးပြုတိုက်ခိုက်သော အဖြစ်အပျက်ပေါင်း အနည်းဆုံး ၅၅၁ မှုဖြစ်ပွားခဲ့ပြီး ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၄၃၀ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ကြောင်း ကမ္ဘာတစ်ဝှမ်းတွင် လက်နက်ကိုင်အကြမ်းဖက်မှု လျှော့ချတားဆီးရေး ဆောင်ရွက်နေသည့် AOAV အဖွဲ့က ဆိုသည်။
မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်က ဖောက်ခွဲမှုနှင့် တိုက်ခိုက်မှုပေါင်း အနည်းဆုံး ၁၀၄ ကြိမ် ဖြစ်ပွားခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ၅၅၁ ကြိမ်ဖြစ်ပွားခဲ့ကြောင်း အဆိုပါအဖွဲ့က ထုတ်ပြန်ထားသည်။
၂၀၂၁ ခုနှစ်က မြန်မာနိုင်ငံတွင် အာဏာထိန်းသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက် နိုင်ငံ၏ နေရာအများစုသည် လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားမှု၏ သက်ရောက်မှုများကို တွေ့ကြုံခဲ့ရကြောင်း သိရသည်။
SAC တပ်ကို ဆန့်ကျင်တိုက်ခိုက်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ (EAOs) နှင့် PDF အဖွဲ့များ ပူးပေါင်းပြီး မြန်မာအစိုးရတပ်ဖွဲ့များကို ခုခံတိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ကြောင်း သိရသည်။ လက်နက်ကိုင်အဖွဲ့များသည်မြန်မာအစိုးရတပ်ဖွဲ့များအပြင် အစိုးရတပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်သူအဖြစ် သံသယရှိသူများကိုလည်းတိုက်ခိုက်မှုအရှိန်မြှင့်တိုက်ခိုက်ခဲ့သလို လက်နက်ကိုင်အဖွဲ့များကို အားပေးထောက်ခံသည့် အရပ်သားများအပေါ် ဖြတ်လေးဖြတ် မဟာဗျူကျင့်သုံး အကောင်ထည်ဖော်ခဲ့ကြောင်း AOAV က ဆိုသည်။
၂၀၂၂ခုနှစ်အတွင်းဖြစ်ပွားခဲ့သော လက်နက်ကိုင်တိုက်ခိုက်မှုများကြောင့် အရပ်သားများ ထိခိုက်ပျက်စီးရမှု ၅၆ ရာခိုင်နှုန်းရှိခဲ့ပြီး အရပ်သား ၅၅၃ ဦး ထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့်နှစ်အတွင်း ပေါက်ကွဲစေသောပစ္စည်း IEDs ကြောင့် ဖြစ်ပွားသော ပေါက်ကွဲမှုဖြစ်စဉ်များအနက်မှ ၁၂ ရာခိုင်နှုန်းက အရပ်သားများ ထိခိုက်သေဆုံးမှုများရှိခဲ့ပြီး အရပ်သား ၁၁၄ ဦး ဒဏ်ရာရသေဆုံးမှုများရှိခဲ့ကြောင်း သိရသည်။ထို့အပြင် လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားများ ဒဏ်ရာရသေဆုံးမှု ၂၁ ရာခိုင်နှုန်းရှိခဲ့ပြီး အရပ်သား ၂၀၂ ဦး ထိခိုက်ပျက်စီးခဲ့သည်ဟုဆိုသည်။
အလားတူ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် အရပ်သား ၂၀၂ ဦး ဒဏ်ရာသေဆုံးခြင်းများလည်းရှိခဲ့ကြောင်း AOAV က ဆိုသည်။ မြန်မာအစိုးရတပ်ဖွဲ့များကလည်း လက်ရှိရည်မှန်းချက်များကို ထိန်းသိမ်းနိုင်ရန် ဆက်လက်ကြိုးပမ်းမည်ဖြစ်ရာ မြေပြင်တိုက်ပွဲများတွင် လက်နက်များအသုံးပြုတိုက်ခိုက်မှုများကြောင့်အရပ်သားများ ထိခိုက်မှု ဖြစ်ပွားရမှု ဆက်လက်ဖြစ်ပွားဖွယ်ရှိနေကြောင်း AOAV က သုံးသပ်ထားသည်။
ref reliefweb