၂၈.၁.၂၀၂၄
Written by KL
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ ကျောက်ပုံကျေးရွာအနီး၊ ကျောက်ပန်းတောင်း-မိတ္ထီလာကားလမ်း၊ မိုင်တိုင်အမှတ်(၄၁/၀)တွင် ယနေ့ ဇန်နဝါရီလ ၂၈ ရက် နံနက် ၉ နာရီ ၁၀ မိနစ်ခန့်က “တော်ဝင်”ခရီးသည်တင်ယာဥ်မှာ ကားနောက်အင်ဂျင်ခန်း အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။
ခရီးသည်တင်ယာဥ်မှာ ကျောက်ပန်းတောင်းမှ ခရီးသည် ၁၂ ဦးကို တင်ဆောင်ကာ နေပြည်တော်သို့ မောင်းနှင်လာစဥ် လမ်းခုလတ်၌ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ခရီးသည်များထိခိုက်ဒဏ်ရာရမှု မရှိခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် အင်ဂျင်၊ ကားတာယာ ၆ လုံး၊ ကားအမိုးနှင့် ယာဥ်ပေါ်ရှိ ခရီးသည်ထိုင်ခုံများအပြင် ကုန်ပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
မီးလောင်မှုမှာ မိနစ် ၃၀ ကျော်ကြာမြင့်ခဲ့ပြီး မီးငြှိမ်းသတ်ယာဥ် ၁ စီး၊ ရေသယ်ယာဥ် ၂ စီး၊ သန္ဓေအရန် မီးသတ်တပ်ဖွဲ့ဝင် ၁၆ ဦးဖြင့် ငြှိမ်းသတ်ခဲ့ရာ နံနက် ၉ နာရီ ၄၄ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
ခရီးသည်တင်ယာဥ်မီးလောင်မှုနှင့်ပတ်သက်၍ အသက် ၄၀ အရွယ် ယာဥ်မောင်း ဦးရဲမင်းစိုးကို လက်ပံပျားရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။