၂၈. ၁.၂၀၂၅
Written by Phyo Wei
တရုတ်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ စီမံကိန်းတွေ အရှိန်အဟုန်မြှင့်တင်သွားမယ့်အပြင် ယုံကြည့်စိတ်ချရတဲ့ အိမ်နီးချင်းကောင်းနိုင်ငံအဖြစ် ဆက်လက်ရပ်တည်သွားမယ်လို့ SAC ဥက္ကဋ္ဌ ပြောကြားလာတဲ့ ဒီတစ်ပတ်မှာပဲ ကျောက်ဖြူ အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော်နိုင်ရေးအတွက် လာမယ့် ဧပြီလအတွင်း လုပ်ငန်းတွေပြီးပြတ်အောင် ရည်မှန်းဆောင်ရွက်နေတယ်လို့ သိရသလို မြန်မာနိုင်ငံရဲ့ ကာလရှည်ကြာရပ်တန့်နေတဲ့ ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကို ရုရှားနိုင်ငံက ပါဝင်လုပ်ကိုင်ဖို့ စိတ်ဝင်တစား စောင့်ကြည့်နေတာကိုပါ တွေ့မြင်ရပါတယ်။
အခြားတစ်ဖက်မှာလည်း အခြေခံစားကုန်တွေ များများထုတ်နိုင်မှ ကုန်ဈေးနှုန်းကြီးမြင့်မှု လျော့ကျလာမှာဖြစ်လို့ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းတွေ အောင်မြင်အောင် ဆောင်ရွက်ဖို့ SAC ဥက္ကဋ္ဌ မှာကြားလာတာ၊ စတုတ္ထအကြိမ် G to G စနစ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆီကို တင်ပို့ရမယ့် ဆန်တန်ချိန်တစ်သိန်းကို ဖေဖော်ဝါရီလ ပထမအပတ်အတွင်း အပြီးတင်ပို့သွားမယ်ဆိုတာ၊ ဗဟိုဘဏ်က ဒေါ်လာသန်း ၂၀ ထပ်မံထုတ်ရောင်းပေးလို့ ဒေါ်လာဈေး တက်ရိပ်ပြလာတဲ့ ဇန်နဝါရီလ သုံးပတ်ကျော်အတွင်း ဒေါ်လာသန်း ၁၃၀ ခန့် ထုတ်ရောင်းပေးထားတာကြောင့် ဒေါ်လာစျေးက အကျဘက်ကို စိုက်ဆင်းလာတာ၊ SME နှစ်ဆင့်ချေးငွေ စီမံကိန်းနှစ်ခုနဲ့ လုပ်ငန်းရှင် ၂၆၀၀ ခန့်ကို ကျပ် ၅၄၀ ဘီလျံကျော် ထုတ်ချေးပေးထားတာအပြင် ၂၀၂၅ ခုနှစ်အတွင်း ရေနံနဲ့သဘာဝဓာတ်ငွေ့ ခိုအောင်းနိုင်တဲ့ ရေနံမြေသစ်တွေ ရှာဖွေတွေ့ရှိနိုင်ဖို့ ကွင်းဆင်းသုတေသနပြုလုပ်မယ်လို့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြောကြားလာတဲ့ဖြစ်စဉ်တွေ ရှိပေမဲ့ ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်အဖြစ်တော့ စည်းကြပ်ခွန်ဒေါ်လာစျေးကို ကျပ် ၂၁၀၀ ပြန်သတ်မှတ်တဲ့သတင်း၊ ငွေပေးချေမှုတွေအတွက် အမျိုးသားစံစနစ်အသုံးပြုသွားမယ်ဆိုတဲ့ သတင်းဖြစ်စဉ်နဲ့ MNDAA ရဲ့ စားနပ်ရိက္ခာစုဆောင်းမှုအကြောင်းတွေကို သုံးသပ်တင်ပြချင်ပါတယ်။
◾ ၂၁၀၀ ပြန်သတ်မှတ်လာတဲ့ စည်းကြပ်ခွန်
အခု ဇန်နဝါရီလ ၂၅ ရက်က စတင်ပြီး ပို့ကုန်/သွင်းကုန်တွေအပေါ် အခွန်စည်းကြပ်ကောက်ခံတာကို အရင်အတိုင်း တစ်ဒေါ်လာ ကျပ် ၂၁၀၀ နှုန်းနဲ့သာ ပြန်လည်ကောက်ခံမယ်လို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာအမှတ် (၈/၂၀၂၅) နဲ့ အသိပေးထုတ်ပြန်လာပါတယ်။ အရင်က ပို့ကုန်/သွင်းကုန်တွေအပေါ် အခွန်စည်းကြပ်ကောက်ခံရာမှာ ဗဟိုဘဏ် ထုတ်ပြန်တဲ့ ရည်ညွှန်းငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ကျပ် ၂,၁၀၀ ကို အခြေခံပြီး ကောက်ခံခဲ့ရာကနေ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၉၀/၂၀၂၄) နဲ့ ပို့ကုန်/သွင်းကုန်တွေအပေါ် ဗဟိုဘဏ်က ထုတ်ပြန်တဲ့ ရည်ညွှန်းငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ကျပ် ၂၁၀၀ အစား ဈေးကွက်ပေါက်ဈေး တစ်ဒေါ်လာ ကျပ် ၃၆၀၀ ဝန်းကျင်နဲ့ ပြောင်းလဲ ကောက်ခံမယ်လို ထုတ်ပြန်ကောက်ခံခဲ့ရာက တစ်ဖန် အခုမှာတော့ ဗဟိုဘဏ်ရဲ့ ဈေးကွက်ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ကျပ် ၃၆၀၀ ကျပ်အစား ရည်ညွှန်းငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ကျပ် ၂၁၀၀ နဲ့သာ ပြန်လည်ကောက်ခံမယ်လို ထုတ်ပြန်ကြေညာခဲ့လို့ လုပ်ငန်းရှင်တွေအနေနဲ့ အခွန်ပေးဆောင်ရာမှာ တစ်ဒေါ်လာကို ကျပ် ၁၄၈၀ ကျော်အထိ ပြန်လည် သက်သာလာမှာဖြစ်ပါတယ်။
ပို့ကုန်သွင်းကုန်စည်းကြပ်ခွန်တွေကို တစ်ဒေါ်လာ ၃၆၀၀ ဝန်းကျင်နဲ့ ကောက်ခံတဲ့ တစ်လမပြည့်ခင်ကာလအတွင်း ကုန်စျေးနှုန်းတွေက ၁၀ ရာခိုင်နှုန်းအောက် ထပ်တက်ခဲ့သလို ဒေါ်လာစျေးကလည်း ကျပ် ၃၀၀ ကျော် ခုန်တက်သွားခဲ့တာ တွေ့ရပါတယ်။ လတ်တလောမှာ ဒေါ်လာစျေး ပြန်ကျလာပေမဲ့ တက်ကောင်းဆဲ ကုန်စျေးနှုန်းတွေကတော့ ပြန်ကျလာတာ မမြင်ရဘဲ အရှိန်နဲ့ လိမ့်နေပြီး တက်ဆဲအမြင့်စျေးပေါ်မှာ ထပ်တက်နေတာကို မြင်ရပါတယ်။ ခေတ်ကောင်းနေချိန်မှာ ဒေါ်လာနဲ့ လုပ်ဆောင်တာတွေကို စျေးကွက်ရည်ညွှန်းစျေးအတိုင်း၊ ပေါက်စျေးအတိုင်း အလဲအလှယ်၊ အရောင်းအဝယ်၊ စည်းကြပ်မှုတွေက ပြဿနာမဟုတ်နိုင်ပေမဲ့ ခေတ်ပျက်ပြီး အချိန်တိုင်း စျေးကစားဆွဲတင်နေတဲ့ ဒီလိုကာလမှာတော့ အမိန့်တစ်ခု၊ ညွှန်ကြားချက်တစ်ရပ်ဟာ ဆိုးကျိုးကို သေချာချိန်ဆဖို့ လိုအပ်မှာဖြစ်ပြီး အခုတစ်မျိုး၊ တော်ကြာတစ်မျိုး စမ်းသပ်မှုတွေက ဒီလိုကာလမှာ ကောင်းကျိုးထက် ဆိုးကျိုးကိုပဲ ပေးမှာဖြစ်တယ်ဆိုတာကလည်း ဒေါ်လာစျေးကို ရည်ညွှန်းငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ကျပ် ၂၁၀၀ အစား ဈေးကွက်ပေါက်ဈေး တစ်ဒေါ်လာ ကျပ် ၃၆၀၀ ဝန်းကျင်နဲ့ ပြောင်းလဲ ကောက်ခံလိုက်တဲ့ ၂၅ ရက်အတွင်း ကုန်စျေးနှုန်းတက်၊ ဒေါ်လာစျေးတက်သွားတဲ့ ဖြစ်ရပ်တွေက သက်သေခံပါတယ်။
◾ အမျိုးသားစံစနစ် MMQR
မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အကောင်အထည်ဖော်နေတဲ့ National level Standard ဖြစ်တဲ့ MMQR ( Myanmar Quick Response) အသုံးပြုပြီး မတူညီတဲ့ ဒစ်ဂျစ်တယ် ငွေပေးချေမှုတွေကို အပြန်အလှန်ချိတ်ဆက်ပေးချေနိုင်တဲ့ Digital Payment Switch ဆောင်ရွက်နိုင်ခြင်းဆိုင်ရာ အသိပညာပေးမှုကို ဇန်နဝါရီ ၂၈ ရက် မနက် ၁၁ နာရီက The Eravati Sule Grand Yangon မှာ ကျင်းပခဲ့ပါတယ်။ MMQR အသုံးပြုခြင်းအားဖြင့် ဘယ် Mobile Wallet (မိုဘိုင်းပိုက်ဆံအိတ်) ကိုမဆို အပြန်အလှန် ချိတ်ဆက်ပေးချေနိုင်တဲ့ လုံခြုံပြီး စွမ်းရည် ပြည့်ဝတဲ့ငွေပေးချေမှုစနစ် တစ်ရပ်ပေါ်ပေါက်လာမှာဖြစ်ပြီး ငွေသားကိုင်တွယ်သုံးစွဲမှုကို လျှော့ချနိုင်မှာဖြစ်သလို၊ အသုံးပြုသူတွေအနေနဲ့ မိမိကြိုက်နှစ်သက်ရာ Wallet တစ်ခုတည်းကိုသာအသုံးပြုလို့ ငွေပေးချေနိုင်တာ၊ ကုန်သည်တွေအနေနဲ့လည်း QR မျိုးစုံထားရှိဖို့ မလိုအပ်ဘဲ MMQR တစ်ခုတည်းနဲ့ Wallet အမျိုးမျိုးပေးမှုကို လက်ခံနိုင်တာ စတဲ့ အကျိုးကျေးဇူးများစွာအပြင် ပြည်ပခရီးသွားတွေကလည်း ငွေသားသယ်ယူဖို့မလိုအပ်ဘဲ MMQR နဲ့ ပြည်တွင်းမှာ သုံးစွဲနိုင်ရေးအတွက် အာဆီယံနိုင်ငံတွေ၊ ဒေသတွင်းနိုင်ငံတွေနဲ့ ချိတ်ဆက်နိုင်ရေး ရည်ရွယ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ဗဟိုဘဏ်က လုပ်ဆောင်နေတဲ့ MMQR ဟာ Pay တွေ Mobile Banking တွေ ဗွက်ပေါက်နေအောင် ခွင့်ပြုထားတဲ့ မြန်မာနိုင်ငံအတွက် အောင်မြင်အောင် အမြန်ဆုံး အကောင်အထည်ဖော်သင့်တဲ့ စနစ်တစ်ခုဖြစ်သလို လုံခြုံဖို့လည်း အရေးကြီးတဲ့ စနစ်တစ်ခုပါ။ MMQR ဟာ Pay လိမ်လည်ခံရမှုတွေနဲ့ မလိုအပ်ဘဲ Pay များစွာဖွင့်နေရတဲ့ လူထုအတွက် ယုံကြည်မှု ပြန်လည်ရရှိနိုင်တဲ့ စနစ်တစ်ခုလို့ ယူဆရမယ့်အပြင် Pay တွေ၊ Mobile Banking တွေ တည်ထောင်ထားပြီးမှ စျေးပေါတဲ့၊ လုံခြုံမှုမဲ့တဲ့၊ အခမဲ့ရတဲ့ Software တွေ၊ Server တွေနဲ့ လည်ပတ်နေတဲ့ ငွေကြေးဆိုင်ရာ အဖွဲ့အစည်းတွေအတွက်လည်း ခုသာခံသာဖြစ်လာမယ့် အခြေအနေဖြစ်သလို လူထုကြားမှာလည်း ယုံကြည်ရတဲ့ Cashless Society တစ်ခု အမြန်ဆုံးထွက်ပေါ်လာမယ့် အခြေအနေပါ။ တရုတ်၊ အိန္ဒိယ၊ ထိုင်း စတဲ့နိုင်ငံတွေနဲ့ ယွမ်/ကျပ်၊ ရူပီး/ကျပ်၊ ဘတ်/ကျပ် တိုက်ရိုက်ပေးချေနိုင်တာမျိုးတွေ MMQR စနစ်လိုမျိုးတွေ အောင်မြင်အောင် လုပ်ဆောင်ထားတာက ခေတ်ဆိုးခေတ်ပျက်မှာ တိုးတက်မှုမသိသာပေမဲ့ ခေတ်ကောင်းပြန်ရောက်ချိန်မှာတော့ ဒေါ်လာအထူးပြုမသုံးဖို့နဲ့ နိုင်ငံတိုးတက်ဖို့အတွက် အရေးကြီးတဲ့ အခြေခံအဆောက်အအုံတွေဖြစ်လာမှာ မလွဲမသွေပါဘဲ။
◾ စားနပ်ရိက္ခာစုဆောင်းနေတဲ့ MNDAA
တရုတ်အစိုးရဟာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းကစပြီး ရှမ်းမြောက်က တိုင်းရင်းသား လက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ နယ်စပ်ဂိတ် အားလုံးကို ပိတ်ခဲ့ပြီး “ဝ” တပ်ထိန်းချုပ်ထားတဲ့ နမ့်တစ် – မန်ခါးဂိတ်ကိုလည်း သြဂုတ်လထဲ ပိတ်ခဲ့သေးတာပါ။ ဒါပေမဲ့ နစကနဲ့ MNDAA တို့ဟာ တရုတ်ကြားဝင်ညှိနှိုင်းပေးမှုနဲ့ ဇန်နဝါရီ ၂၀ ရက်က နှစ်ဖက်အပစ်အခတ် ရပ်စဲရေး သဘောတူခဲ့ကြပြီး တစ်ဆက်တည်းမှာပဲ နယ်စပ်ဂိတ်အပြင် “ဝ” – ကိုးကန့်ဒေသကို ဆက်သွယ်ထားတဲ့ ဖောင်ဆိပ်တံတားမှာ လက်နက်မှအပ အခြားသော ကုန်စည်တွေ လွတ်လပ်စွာ ဖြတ်သန်းခွင့်ကို တရုတ်ညွှန်ကြားချက်အရ ပြန်လည်ဖွင့်လှစ်ခွင့် ပြုလိုက်တယ်လို့ UWSA ဦးစီးချုပ်ရုံးက ထုတ်ပြန်ခဲ့သလို ရန်လုံကျိုင်းဂိတ်နဲ့ ချင်းရွှေဟော်ဂိတ်ကနေ ကုန်စည်ဖြတ်သန်းခွင့် ဖြေလျှော့ထားပြီး လူထုတွေ အနေနဲ့ တစ်ပိုင်တစ်နိုင် စားသောက်ကုန်တွေ လွတ်လပ်စွာ ဝယ်ယူလာနေတာကို တွေ့ရှိရပါတယ်။ ဒီလိုဝယ်ယူခွင့်ပြုလာချိန်မှာပဲ MNDAA လက်နက်ကိုင်တွေဟာ သူထိန်းချုပ် ဒေသမှာရှိတဲ့ လူထုကို စားနပ်ရိက္ခာတွေ ဝယ်စုထားကြဖို့ ညွှန်ကြားထားတယ်လို UWSA ထိန်းချုပ်မီဒီယာ Wa News Land က ဖော်ပြလာပါတယ်။
တရုတ်နယ်စပ်ဂိတ်တွေ အချိန်မရွေး ပြန်ပိတ်နိုင်တာကြောင့် တရုတ်နှစ်သစ်ကူး မကုန်ခင် လိုအပ်တဲ့ စားနပ်ရိက္ခာတွေ ဝယ်စုထားကြဖို့ ဇန်နဝါရီ ဒုတိယပတ်အတွင်း မြို့နယ်အလိုက် လပတ်အစည်းအဝေးမှာ MNDAA က ညွှန်ကြားထားတာ ဖြစ်တယ်လို့ ချင်းရွှေဟော်မြိုမှာ နေထိုင်တဲ့ ဒေသခံတစ်ဦးက”ဂိတ်တွေ ဖွင့်ထားတုန်း လိုအပ်တဲ့အစားအသောက်တွေ ဝယ်သိုလှောင်ထားကြဖို့။ နိုင်ငံရေးကလည်း တရုတ်နှစ်သစ်ကူးပြီးရင် ပြန်ရှုပ်မှာတဲ့။ ဂိတ်တွေလည်း ပြန်ပိတ်နိုင်တာကြောင့်လို့ ပြောတယ်”လို့ ဆိုထားတာ တွေ့ရပါတယ်။ MNDAA ရဲ့ ဒီလို စားနပ်ရိက္ခာဝယ်စုရေးညွှန်ကြားချက်ဟာ ၁၀၂၇ တတိယလှိုင်း အပိုင်း (၃) နဲ့ ဆက်စပ်နိုင်သလို အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ဟာ အချိန်ခဏအတွင်းမှာ ပျက်ပြယ်သွားနိုင်တဲ့အခြေအနေလို့လည်း သုံးသပ်မှုတွေ ရှိနေပါတယ်။
အခုဆိုရင် MNDAA ကသာ ယာယီအပစ်အခတ်ရပ်ထားတယ်ဆိုပေမဲ့ လားရှိုးကနေ ထွက်ပေးမှာလား၊ မပေးဘူးလားဆိုတာ မသိရသေးသလို AA ကလည်း ရခိုင်ကနေ ဧရာ၀တီနဲ့ ပဲခူးတိုင်းအထိ စစ်ပြုလာပြီး KIA ကလည်း ကချင်၊ စစ်ကိုင်း၊ မကွေးကို ချိတ်ဆက်သွားနိုင်တဲ့ ဗန်းမော်ကို သိမ်းဖို့ပြင်နေသလို NUG ကလည်း မန္တလေးကို သိမ်းမယ်လို့ ကြွေးကြော်လာတာ မြင်ရပြန်ပါတယ်။ ဒီလိုမျိုး အချိန်ကိုက်ကြားမှာ တရုတ်နိုင်ငံဘက်က ဇင်ယော်စီမံကိန်းနဲ့ မြ၀တီက ကျားဖြန့်တွေကို နှိမ်နင်းမယ်လို့ ပြောလာသလို ရွေးကောက်ပွဲဒွိဟနဲ့ ၁၀၂၇ တတိယလှိုင်းကလည်း ပိုလှုပ်ခတ်လာတာ မြင်ရပါတယ်။ ဒီအခြေအနေအားလုံးဟာ ၂၀၂၅ ရွေးကောက်ပွဲမတိုင်ခင် အပြင်းဆုံးပေါက်ထွက်မယ့် တိုက်ပွဲကြီးကြီးတစ်ခုဆီကိုသွားဖို့လို့ ယူဆနေကြသူတွေလည်းရှိသလို တရုတ်နိုင်ငံကို လားရှိုးအပစ်ရပ်ပါမယ်လို့ ကတိပေးပြီးမှ ရက်ရက်စက်စက်တိုက်ခိုက်သတ်ဖြတ် သိမ်းယူခဲ့တဲ့ MNDAA ရဲ့ စားနပ်ရိက္ခာစုဆောင်းနေမှုဟာ ရိုးသားပါရဲ့လား တွေးဆချင်စရာလည်းဖြစ်လာပြန်ပါတယ်။ ဒီအခြေအနေတွေကြောင့် တကယ်လို့များ ၁၀၂၇ တတိယလှိုင်းဆိုပြီး ငြိမ်းခါနီးမီးတွေ တစ်ပြိုင်နက်တည်း ထတောက်ရင် အဲဒီလို တစ်ပြိုင်နက်တည်း ထမတောက်ဖို့အတွက် ဖြတ်တောက်မှုတွေ လုပ်နေပါသလား၊ ထတောက်ခဲ့ရင် ငြှိမ်းသတ်ဖို့ရော ပြင်ဆင်ထားနိုင်ပါသလား မေးမြန်း စဉ်းစားရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက် ရပ်နားပါရစေ။