၂၈.၁.၂၀၂၅.
Translated by Htwe Ko Tun
ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ရထားလုပ်ငန်းဝန်ထမ်းတွေက ဇန်နဝါရီလ ၂၇ ရက် ည ၁၂ နာရီ သန်းခေါင်ယံအချိန်မှာ သူတို့ရဲ့ သပိတ်မှောက်ဆန္ဒပြမှုကို စတင်ခဲ့ကြပါတယ်။ ရထားလုပ်ငန်းဝန်ထမ်းတွေရဲ့ သပိတ်မှောက်မှု စတင်ပြီးနောက်မှာပဲ ဇန်နဝါရီလ ၂၈ ရက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝန်း ရထားပြေးဆွဲမှုတွေ ရပ်ဆိုင်းလျက်ရှိပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ရထားလုပ်ငန်းဝန်ထမ်းတွေနဲ့ အလုပ်သမားအဖွဲ့တို့က သူတို့ရဲ့ ဖြေရှင်းလို့မရတဲ့ အငြိမ်းစားလစာနဲ့ လုပ်သက်ဆုကြေးခံစားခွင့်တို့လို ကိစ္စတွေကြောင့်လည်း သပိတ်မှောက်မှုကို စတင်ပြုလုပ်ခဲ့ကြတာပါ။ အလုပ်သမားတွေက သူတို့ရဲ့ အခြေခံလစာနဲ့အတူ ဒီခံစားခွင့်တို့ရရှိဖို့အတွက်လည်း တောင်းဆိုခဲ့ကြပါတယ်။
ဇန်နဝါရီလ ၂၈ ရက်မှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝန်းမှာ ခရီးသွားပြည်သူတွေဟာ မီးရထားဘူတာရုံတွေမှာ သောင်တင်နေကြတာ တွေ့ရပါတယ်။ မြို့တော်ဒက်ကာရဲ့ ရထားဘူတာရုံကြီးဖြစ်တဲ့ ကာမာလာပူဘူတာရုံမှာလည်း ဒီလိုပဲ ခရီးသည်တွေသောင်တင်နေကြတာ တွေ့ရပါတယ်။ သပိတ်မှောက်အလုပ်သမား ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ မိုဂျီဘာ ရာမန်ကာက အလုပ်သမားတွေအနေနဲ့ တောင်းဆိုချက်တွေအောင်မြင်တဲ့အထိ သပိတ်မှောက်သွားကြမယ်လို့ ပြောခဲ့ပါတယ်။
အရင်က ရထားလုပ်သားတွေအနေနဲ့ သူတို့ရဲ့ နားချိန်အတွင်း ရထားလုပ်ငန်းလည်ပတ်မှုအရ လိုအပ်လို့ အလုပ်ပြန်ဝင်ခဲ့ရရင် အထူးလျော်ကြေးအနေနဲ့ လုပ်ငန်းဆင်းခဲ့ရတဲ့ မိုင်နှုန်းနဲ့တွက်လို့ လျော်ကြေးပေးပါတယ်။ အခုတော့ ဘဏ္ဍာရေးဝန်ကြီး ဌာနက အဲဒီခံစားခွင့်ကို ပိတ်ပင်ခဲ့ပါတယ်။ ဒါက အလုပ်သမားတွေနဲ့ အချေအတင်ငြင်းခုန်ရတဲ့ အဓိကအချက်တစ်ချက်လည်းဖြစ်ပါတယ်။
ပြေးဆွဲခြင်းမပြုတဲ့ရထားတွေရဲ့ လက်မှတ်တွေ ကြိုတင်ဝယ်ယူထားကြတဲ့ ခရီးသည်တွေကိုတော့ ငွေပြန်အမ်းမှုတွေ လုပ်ပေးနေပါတယ်။
Ref -Dhaka Tribune