၂၈.၁.၂၀၂၅
Written by Shwe Phyo
အမေရိကန်နိုင်ငံအခြေစိုက် Global Fire Power(GFP) အဖွဲ့က နှစ်စဉ်နှစ်တိုင်း ထုတ်ပြန်လေ့ရှိတဲ့ ကမ္ဘာ့စစ်အင်အား တောင့်တင်းမှုအရှိဆုံး နိုင်ငံတွေစာရင်းကို ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ပြန်လိုက်ရာ မြန်မာနိုင်ငံက ၂၀၂၅ ခုနှစ်အတွက် ကမ္ဘာ့စစ်အင်အားတောင့်တင်းမှုအရှိဆုံး နိုင်ငံတွေစာရင်းမှာ ကမ္ဘာ့အဆင့် ၃၇ နေရာမှာ ရပ်တည်နေတယ်လို့ သိရပါတယ်။
GFP ဟာ ၂၀၂၅ ခုနှစ်အတွက် ကမ္ဘာ့စစ်အင်အား တောင့်တင်းမှုအရှိဆုံးနိုင်ငံတွေစာရင်းကို ကမ္ဘာ့အဆင့်သတ်မှတ်ရာမှာ နိုင်ငံ့လူဦးရေ၊ ကြည်းရေလေတပ်ဖွဲ့ဝင်အရေအတွက်၊ စစ်လက်နက်ပစ္စည်းပိုင်ဆိုင်မှုအခြေအနေ၊ ကာကွယ်ရေးအသုံးစရိတ်၊ အရင်းအမြစ်နဲ့ နိုင်ငံတည်ရှိနေမှု ပထဝီအနေထားတွေအပါအဝင် အချက်ပေါင်း ၆၀ ကျော်ကို အမှတ်ပေးကာ ကမ္ဘာ့အဆင့်သတ်မှတ်ပေးခဲ့တာဖြစ်ပြီး ၂၀၀၆ ခုနှစ်ကစ အခု ၂၀၂၅ ခုနှစ်အထိ နှစ်စဉ်ကမ္ဘာ့အဆင့်သတ်မှတ်ထုတ်ပြန်ပေးတာ ဖြစ်ပါတယ်။
GFP ရဲ့ အဆင့်သတ်မှတ်ချက်ဖော်ပြချက်တွေအရ အမေရိကန်နိုင်ငံဟာ ၂၀၂၅ ခုနှစ်အတွက် ကမ္ဘာ့စစ်အင်အား တောင့် တင်းမှုအရှိဆုံးနိုင်ငံတွေစာရင်းမှာ ထိပ်ဆုံးနေရာမှာရပ်တည်ခဲ့ပြီး ရုရှား၊ အိန္ဒိယ၊ တရုတ်နိုင်ငံနဲ့ တောင်ကိုရီးယားနိုင်ငံတို့က ထိပ်ဆုံး ငါးနိုင်ငံစာရင်းမှာ ရပ်တည်လျက်ရှိနေပါတယ်။
နိုင်ငံအနှံ့အပြား စစ်ရေးပဋိပက္ခကို ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံဟာ ၂၀၂၅ ခုနှစ်အတွက် ကမ္ဘာ့စစ်အင်အားတောင့်တင်းမှုအရှိဆုံးနိုင်ငံတွေစာရင်းမှာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထက် အဆင့်လျော့နည်းခဲ့ပြီး ကမ္ဘာ့အဆင့် ၃၇ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ စစ်အင်အားတောင့်တင်းမှုအဆင့်ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ကျဆင်းသွားခဲ့တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း ကမ္ဘာ့စစ်အင်အား တောင့်တင်းမှုအရှိဆုံးနိုင်ငံတွေစာရင်းမှာ ကမ္ဘာ့အဆင့် ၃၅ နေရာမှာ ရပ်တည်နေခဲ့ပြီး ၂၀၂၃ ခုနှစ်က ကမ္ဘာ့အဆင့် ၃၈ နေရာမှာ ရပ်တည်နေခဲ့တယ်လို့ သိရပါတယ်။
GFP ရဲ့အမှတ်ပေးအဆင့် သတ်မှတ်ချက်တွေအရ မြန်မာနိုင်ငံဟာ၂၀၂၅ ခုနှစ်အတွက် ကမ္ဘာ့စစ်အင်အား တောင့်တင်းမှုအရှိဆုံးနိုင်ငံတွေစာရင်းမှာ ရမှတ် ၀ ဒသမ ၆၇၃၅ မှတ် ရရှိခဲ့ပြီး ကမ္ဘာအဆင့် ၃၇ နေရာမှာရပ်တည်နေခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ စစ်အင်အားတောင့်တင်းမှု ကမ္ဘာ့အဆင့်ရပ်တည်မှုအခြေအနေတွေဟာ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ထက် ရပ်တည်မှုအဆင့် နိမ့်ကျနေခဲ့တာကို တွေ့ရပါတယ်။
Ref, Golbal Fire Power