၁၄. ၁. ၂၀၂၃
Written by Naing Thuta
မန္တလေးမြို့တွင် ဇန်နဝါရီ ၁၂ ရက်က မြေပြင်ကွင်းဆင်း၍ လူဦးရေစာရင်းကောက်ယူနေသည့်အဖွဲ့အား လက်ပစ်ဗုံးဖြင့်တိုက်ခိုက်ခံရပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၃ ရက် မွန်းလွဲ ၂ နာရီခန့်က မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင်ရပ်ကွက်၊ အကွက် (၅၀၁) ရွှေမိုက်စုရပ်၊ ၈၄ လမ်းနှင့် စစ်ကိုင်းလမ်းခွဲရှိ ဝသုန္ဒြေဓမ္မာရုံ၌ ကျွန်းလုံးဥသျှောင်ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့သည် ရပ်ကွက်နေပြည်သူ ၃၀ ဦးတို့အား မြေပြင်ကွင်းဆင်းကာ လူဦးရေစာရင်းကောက်ယူနေစဉ်အတွင်း ၈၄ လမ်းပေါ်မှ အမည်မသိ လူ ၁ ဦးသည် မြောက်ဘက်မှ တောင်ဘက်သို့ လမ်းလျှောက်လာပြီး လက်လုပ်ဗုံးဖြင့် ပစ်ပေါက်ကာ ဓမ္မာရုံ တောင်ဘက်တွင် အသင့် ရပ်စောင့်နေသော အမည်မသိ လူ ၁ ဦး၏ ဆိုင်ကယ်ပေါ်သို့ပြေးတက်၍ တောင်ဘက်သို့ မောင်းနှင်ထွက်ပြေးသွားကြောင်း သိရသည်။
အဆိုပါပစ်ပေါက်သွားသောလက်လုပ်ဗုံးသည် ဓမ္မာရုံရှေ့တွင် ကျရောက်ပေါက်ကွဲခဲ့ပြီး လူထိခိုက်မှုတစ်စုံတစ်ရာမရှိခဲ့သော်လည်း ဓမ္မာရုံရှေ့တွင် ရပ်နားထားသော ၎င်းလူဦးရေစာရင်းကောက်နေသည့် အဖွဲ့အသုံးပြုသည့် SUZUKI SWIFT အဖြူရောင်ကား နောက်လေကာမှန်ကွဲအက်သွားသဖြင့် ဆုံးရှုံးမှုကာလတန်ဖိုး ကျပ် ၁၂၀၀၀၀ ခန့်ပျက်စီးသွားခဲ့ပြီး အခင်းဖြစ်နေရာမှ ဘောစေ့များတွေ့ရှိရသောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သိမ်းဆည်းသွားခဲ့ကြောင်း ဓမ္မာရုံအနီးတွင်နေထိုင်သူတစ်ဦးပြောဆိုချက်အရ သိရသည်။