![photo_2025-01-28_15-21-03 (2)](https://www.mtnewstoday.com/wp-content/uploads/2025/01/photo_2025-01-28_15-21-03-2.jpg)
၂၈.၁ ၂၀၂၅
Written by Shwe Phyo
ထိုင်းနိုင်ငံ၊ ဖူးခက်မြို့ရဲတပ်ဖွဲ့သည် အသက် ၁၄ နှစ်အရွယ်ရှိ ထိုင်းအမျိုးသမီးငယ်တစ်ဦးကို ဖမ်းဆီးရန် ကြိုးပမ်းသော မြန်မာနိုင်ငံသားတစ်ဦးကို ဖမ်းဆီးလိုက်ကြောင်း သိရသည်။
ပီလွိုင်အမည်ရှိ ထိုင်းအမျိုးသမီးငယ်တစ်ဦးသည် ကာမာလာပြည်နယ် Soi Bluma အနီးတွင် ၎င်း၏ကျောင်းကားကို စောင့်ဆိုင်းနေချိန်တွင် မြန်မာနိုင်ငံသားတစ်ဦးက ၎င်းထံချဉ်းကပ်လာခြင်းဖြစ်ကာ စကားပြောဆိုခဲ့ကြောင်း၊ နောက်ပိုင်းတွင် မြန်မာနိုင်ငံသားက ထိုင်းအမျိုးသမီးငယ်ကို လည်ပင်းညှစ်၍ ဓားဖြင့် ခြိမ်းခြောက်ခြင်းများ လုပ်ဆောင်လုပ်ကာ ဟိုတယ်အတွင်းသို့ ဆွဲခေါ်ရန် ကြိုးပမ်းခဲ့ကြောင်း သိရသည်။
ဟိုတယ်လုံခြုံရေးဝန်ထမ်းများနှင့် ဒေသခံများသည် အမျိုးသမီးငယ်တစ်ဦးကို ရိုက်နှက်ကာ ဆွဲခေါ်လာသော မြန်မာနိုင်ငံသား၏လုပ်ရပ်ကို ကြားဝင်ကာ ပြောဆိုခဲ့ရာ အမျိုးသမီးငယ်ကို ပြန်လွှတ်ပေးခဲ့ကြောင်း၊ အမျိုးသမီးငယ်သည် ကျောင်းကားကို ပြန်လည်စောင့်ဆိုင်းခဲ့ပြီး ကားသမားက အမျိုးသမီးငယ် ငိုယိုနေခြင်းကိုတွေ့ရှိကာ အမျိုးသမီးငယ်၏မိဘများထံ အသိပေးအကြောင်းကြားခဲ့ရာ မိဘများက ရဲစခန်းထံ တိုင်ကြားခဲ့ကြကြောင်း သိရသည်။
ကာမာလာ ရဲစခန်းမှရဲမှူးကြီး ဆွန်ဆက် ဦးဆောင်သော ရဲတပ်ဖွဲ့သည် အသက် ၁၄ နှစ်အရွယ်ရှိ ထိုင်းအမျိုးသမီးငယ်ကို ဖမ်းဆီးရန်ကြိုးပမ်းခဲ့သူကို စုံစမ်းစစ်ဆေးရာ ကျေးရွာလူကြီးများ၏အကူညီဖြင့် မြန်မာနိုင်ငံသားကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထိုင်းအမျိုးသမီးငယ်ကို ဖမ်းဆီးရန်ကြိုးပမ်းသော မြန်မာနိုင်ငံသားသည် အသက် ၃၉ နှစ်အရွယ်ရှိ ဟန်မျိုးအောင်ဖြစ်ကာ အလုပ်သမားတန်းလျားတွင် နေထိုင်သူဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့ကပြောသည်။ ထိုင်းရဲတပ်ဖွဲ့သည် ဟန်မျိုးအောင်ကို အဓိကသက်သေဖြစ်သော ဓားနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ ၎င်းကို ထိုင်းနိုင်ငံအတွင်း တရားမဝင်နေထိုင်ခြင်း၊ ပြန်ပေးဆွဲဖမ်းဆီးရန်ကြိုးပမ်းခြင်း၊ ဥပဒေမဲ့ လက်နက်ကိုင်ဆောင်ခြင်းများအတွက် စွဲချက်အမျိုးမျိုးတင်ခံရဖွယ်ရှိနေကြောင်း သိရသည်။
Ref, thailandnews