
ဒေါ်နယ်ထရန့်၏အမိန့်ကြောင့် အာရှတွင် အမေရိကန်အကူအညီအများဆုံးရနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအပေါ် ကြီးမားစွာသက်ရောက်ဖွယ်ရှိ
၂၈.၁.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတသစ် ဒေါ်နယ်ထရန့်က အမေရိကန်က ပေးအပ်နေတဲ့ နိုင်ငံရပ်ခြား အကူအညီတွေက အမေရိကန်နိုင်ငံရဲ့ အကျိုးစီးပွားနဲ့တန်ဖိုးတွေအတွက် ချိန်ညှိကိုက်ညီမှုမရှိဘူးလို့ ပြည်ပအကူအညီအားလုံးကို ရပ်ဆိုင်းဖို့ သူ့ရဲ့ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်တွေကို ထုတ်ပြန်စဉ် ပြောကြားခဲ့ပါတယ်။
အမေရိကန်အစိုးရက လက်ရှိနိုင်ငံရပ်ခြားအကူအညီတွေအားလုံးနဲ့ ထပ်မံပြုလုပ်မယ့် နိုင်ငံရပ်ခြား အကူအညီသစ်တွေအားလုံးကို ဆိုင်းငံ့ထားဖို့ အမိန့်ထုတ်ပြန်ပြီးနောက်မှာ အမေရိကန်ပြည်ထောင်စု အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုအေဂျင်စီ(USAID) က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အမေရိကန်အစိုးရရဲ့ ထောက်ပံ့နေမှုအားလုံးကို ရပ်ဆိုင်းခဲ့ပါတယ်။
အမေရိကန်အစိုးရရဲ့ ဒီအမိန့်စာအရ USAID နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား သဘောတူစာချုပ်၊ လုပ်ငန်းအမိန့်၊ ထောက်ပံ့ ကြေးပေးမှု၊ ဖက်စပ်သဘောတူညီမှု ဒါမှမဟုတ် ဝယ်ယူမှု/အထောက်အပံ့ပေးမှု သဘောတူညီချက်အားလုံးကို ချက်ချင်းရပ်ဆိုင်းရမယ်လို့ USAID က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
မိတ်ဖက်နိုင်ငံတွေအနေနဲ့လည်း သူတို့ရရှိနေတဲ့ အထောက်အပံ့တွေကနေ ခွဲဝေပေးနိုင်တဲ့ ကုန်ကျစရိတ် တွေလျော့နည်းဖို့ ကျိုးကြောင်းဆီလျော်တဲ့ အဆင့်တွေအားလုံးကို ဆောင်ရွက်ကြရမှာဖြစ်တယ်။ မိတ်ဖက်နိုင်ငံတွေအနေနဲ့ ဒီအထောက်အပံပေးမှုဆိုင်းငံ့ခြင်း/ရပ်ဆိုင်းခြင်းအမိန့်ကို ဖျက်သိမ်းတယ်လို့ စာချုပ်ချုပ်/သဘော တူညီချက်ရယူခဲ့တဲ့ အရာရှိထံက စာဖြင့်ရေးသားအကြောင်းကြားစာမရမချင်း ဒီထောက်ပံ့မှုတွေအောက်က လုပ်ငန်းပြန်လည်မစရလို့လည်း ကြေညာချက်ကဆိုခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံကို USAID ရဲ့ ဘဏ္ဍာရေးအကူအညီပေးနေမှုကို ရပ်ဆိုင်းလိုက်တာဆိုရင်လည်း ယူနွတ်ခေါင်းဆောင်တဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရအတွက် ကြီးမားလှတဲ့သက်ရောက်မှုတွေဖြစ်လာနိုင်တယ်လို့ သုံးသပ်ကြပါတယ်။ USAID ရဲ့ ပြောကြားချက်အရ သူ့ရဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုထောက်ပံ့မှုအစီအစဉ်က အာရှတိုက်မှာ အကြီးမားဆုံးလည်းဖြစ်ပြီး စားနပ်ရိက္ခာလုံလောက်မှု၊ ကျန်းမာရေး၊ အုပ်ချုပ်မှု၊ ပညာရေးနဲ့ သဘာဝပတ်ဝန်းကျင်တို့လို အရေးကြီးတဲ့နယ်ပယ်တွေကို လွှမ်းခြုံမှုရှိနေပါတယ်။
ဒါ့ပြင် ဘင်္ဂါလီအရေးအခင်းအပါအဝင် အရေးကြီးတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အားထုတ်မှုတွေအတွက်ပါ ရန်ပုံငွေထောက်ပံ့ထားတာပါ။ ၂၀၂၆ ခုနှစ်အထိ အမေရိကန်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဒေါ်လာ ၉၅၄ သန်းပေးဖို့ ၂၀၂၁ ခုနှစ်သဘောတူညီချက်မှာ သဘောတူထားပြီး သူရဲ့တစ်စိတ်တစ်ပိုင်းအနေနဲ့ ၂၀၂၄ ခုနှစ်မှာ ဒေါ်လာ ၂၀၂ သန်းပေးဖို့ကတိပြုခဲ့ပါတယ်။ ဒီသဘောတူညီချက်အရ ဒေါ်လာ ၄၂၅ သန်းအကူအညီကို ထုတ်ပေးပြီးဖြစ်တယ်လို့ သိရပါတယ်။
Ref – News18