◾️ ပြည်ပခရီးသွားများ ငွေသယ်ယူရန်မလိုဘဲ MMQR ဖြင့် ပြည်တွင်း၌ သုံးစွဲနိုင်ရေးပါ ဆောင်ရွက်နေ
၂၈. ၁. ၂၀၂၅
Written by Nyein Kyaw
ဗဟိုဘဏ်၏ MMQR ကို အသုံးပြုခြင်းဖြင့် အသုံးပြုသူများအနေဖြင့် မိမိကြိုက်နှစ်သက်ရာ Mobile Wallet တစ်ခုကိုသာ အသုံးပြုပြီး ငွေပေးချေနိုင်မည်ဖြစ်သလို ကုန်သည်များအနေဖြင့်လည်း QR မျိုးစုံထားစရာမလိုဘဲ တစ်မျိုးတည်းဖြင့် Mobile Wallet အမျိုးမျိုးကို လက်ခံနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောကြားသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အကောင်အထည်ဖော်လျက်ရှိသော National level Standard ဖြစ်သည့် MMQR ( Myanmar Quick Response) အသုံးပြုပြီး မတူညီသည့် ဒစ်ဂျစ်တယ် ငွေပေးချေမှုများကို အပြန်အလှန် ချိတ်ဆက်ပေးချေနိုင်သည့် Digital Payment Switch ၏ ဆောင်ရွက်နိုင်ခြင်းဆိုင်ရာ အသိပညာပေးခြင်းကို ယမန်နေ့က ရန်ကုန်မြို့ရှိ The Eravati Sule Grand Yangon ၌ ကျင်းပခဲ့ခြင်းဖြစ်သည်။
MMQR အသုံးပြုခြင်းဖြင့် မည်သည့် Mobile Wallet (မိုဘိုင်းပိုက်ဆံအိတ်) ကိုမဆို အပြန်အလှန် ချိတ်ဆက်ပေးချေနိုင်သည့် လုံခြုံ၍ စွမ်းရည်ပြည့်ဝသော ငွေပေးချေမှုစနစ် တစ်ရပ်ပေါ်ပေါက်လာမည်ဖြစ်ပြီး ငွေသားကိုင်တွယ်သုံးစွဲမှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း သိရသည်။
အသုံးပြုသူများအနေဖြင့် မိမိကြိုက်နှစ်သက်ရာ Wallet တစ်ခုတည်းကိုသာအသုံးပြု၍ ကုန်သည်များအား ပေးချေနိုင်ခြင်း၊ ကုန်သည်များအနေဖြင့်လည်း QR မျိုးစုံထားရှိရန် မလိုအပ်ဘဲ MMQR တစ်ခုတည်းဖြင့် Wallet အမျိုးမျိုးပေးခြင်းအား လက်ခံနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း ဗဟိုဘဏ်ဥက္ကဋ္ဌက ပြောကြားသည်။
ထို့ပြင် ပြည်ပခရီးသွားများအတွက် ငွေသယ်ယူရန်မလိုအပ်ဘဲ MMQR ဖြင့် ပြည်တွင်း၌ သုံးစွဲနိုင်ရေးအတွက် အာဆီယံနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် ချိတ်ဆက်နိုင်ရေး ရည်ရွယ်ဆောင်ရွက်လျက်ရှိကြောင်း ဗဟိုဘဏ်ဥက္ကဋ္ဌက ပြောကြားသည်။