၂၈.၁.၂၀၂၅
Written by Hey Mar
ယာဉ်မောင်းထမင်းစားနားခိုက် ယာဉ်နောက်လိုက်နှစ်ဦး တွဲကားတက်မောင်းရာက အရှိန်လွန်တိမ်းမှောက်မှုဖြစ်စဉ် သထုံမြို့ပေါ်တော်မူဘုရားအလွန် ရန်ကုန်-မော်လမြိုင်သွား ပေါ်တော်မူတံတားလမ်းကွေ့မှာ မနေ့က ဇန်နဝါရီ ၂၇ ရက်နေ့ ည ၁၀နာရီအချိန်ခန့်ကဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီသွားရောက်ခဲ့တဲ့ ဒေသခံလူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
ဖြစ်စဉ်က သထုံဘက်ကနေ ရန်ကုန်ဘက်ဆီ မောင်းနှင်လာတဲ့ တွဲကားက လမ်းကွေ့မှာ အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောရောက်ရှိကာ တစ်ဖက်ယာဉ်ကြောက လူနှစ်ဦး စီးနင်းလာတဲ့ ဆိုင်ကယ်ကို တိုက်မိတိမ်းမှောက်ခဲ့တာလို့ သိရပါတယ်။
မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ အကြင်နာတွဲလက် လူမှုကူညီရေးအသင်းတာဝန်ရှိသူက “တွဲကားက စပါယ်ယာနှစ်ယောက် တက်မောင်းသွားတာလို့ သိရတယ်။ မောင်းတဲ့လူက ဘယ်ဘက်လက် လက်ကောက်ဝတ်ကနေ ကြေသွားတယ်၊ ကားနဲ့ ပြန်ပိပြီး။ ဘေးက လိုက်တဲ့ နောက်တစ်ယောက်ကတော့ ပွန်းပဲ့ ဗိုက်အောင့်လောက်ပါပဲ။ အတိုက်ခံရတဲ့ ဆိုင်ကယ်ပေါ်က လူနှစ်ဦးလည်း မထိခိုက်ပါဘူး” လို့ သွားရောက်ကူညီချိန် မျက်မြင်အခြေအနေကို ပြောပြပါတယ်။
ဒဏ်ရာရအမျိုးသားကို ပြေပြင်ပြုစုကုသမှုတွေပြုလုပ်ပေးပြီး ဆေးဝါးကုသမှုခံယူစေရန်အတွက် သထုံပြည်သူ့ဆေးရုံကြီးဆီ အကြင်နာတွဲလက် လူမှုကူညီရေးအသင်းပိုင်လူနာတင်ယာဉ်နဲ့ ကူညီပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။