၁၃. ၁. ၂၀၂၃
Translated by Htwe Ko Tun
(Al Jazeera သတင်းဌာနတွင် Thompson Chau နှင့် Dominic Oo တို့ ရေးသားသည့် Did China deliver a snub to Myanmar’s military regime? ဆောင်းပါးမှ ကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်)
မြန်မာအစိုးရက ကျင်းပရန်စီစဉ်နေသော လန်းချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး (LMC) ထိပ်သီးဆွေးနွေးပွဲ သို့တက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ ဝန်ကြီးချုပ် လီခဲ့ချန်အား ဖိတ်ကြားထားခဲ့မှုကို တရုတ်နိုင်ငံဘက်မှ တစ်စုံတစ်ရာတုံ့ပြန်မှု မရှိခဲ့ခြင်းအပေါ် လေ့လာသူအချို့က တရုတ်အစိုးရ၏ မြန်မာနိုင်ငံ နစက အစိုးရအပေါ် မထိတထိ ပါးပါးနပ်နပ် တိုက်ခိုက်ခြင်းတစ်ရပ်ဖြစ်မည်လောဟု တွေးတောယူဆလျက်ရှိနေသည်။
လန်းချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး (LMC) အစီအစဉ်ကို တရုတ်နိုင်ငံက ဦးဆောင်လျက် မဲခေါင်မြစ်ဖြတ်သန်းစီးဆင်းရာ အရှေ့တောင်အာရှငါးနိုင်ငံ ဖြစ်သော လာအို၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့ပါဝင်ပြီး ဒေသဆိုင်ရာ ငြိမ်းချမ်းရေး၊ တည်ငြိမ်အေးချမ်းမှု နှင့်ချမ်းသာကြွယ်ဝမှုတို့ကို မြှင့်တင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ဖွဲ့စည်းထားခြင်းလည်းဖြစ်သည်။ မဲခေါင်မြစ်က တိဘက်ကုန်းပြင်မြင့်မှစတင်၍ ၎င်းဖြတ်သန်းစီးဆင်းရာ တရုတ်နိုင်ငံအတွင်းရှိနေရာများတွင်မူ လန်ချန်းမြစ်အဖြစ် သိရှိခေါ်ဝေါ်ကြသည်။
မြန်မာနိုင်ငံအနေဖြင့် ၂၀၂၂ ခုနှစ်အတွင်း လန်းချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်၏ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူခဲ့ပြီးနောက် ထိပ်သီးဆွေးနွေးပွဲတစ်ရပ်ကျင်းပရန်လည်း ရည်ရွယ်ခဲ့မည်ဟု ယုံကြည်ရသည်။ ထိုအစည်းအဝေးသို့ မြန်မာနိုင်ငံအစိုးရဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံဝန်ကြီးချုပ် လီခဲ့ချန်တို့နှင့်အတူကျန်ရှိသော အရှေ့တောင်အာရှငါးနိုင်ငံမှခေါင်းဆောင်များလည်းတက်ရောက်ရန် မျှော်လင့်ထားခဲ့သည်။သို့သော် တရုတ်နိုင်ငံဘက်မှ ဖိတ်ကြားချက်အပေါ်တစ်စုံတစ်ရာ တုံ့ပြန်ခဲ့ခြင်းမရှိ၍ ထိပ်သီးဆွေးနွေးပွဲမကျင်းပဖြစ်ခဲ့ခြင်းဖြစ်သည်။
ဟောင်ကောင်အစိုးရ၏ အရာရှိဟောင်းတစ်ဦးဖြစ်ခဲ့သော မိုက်ကယ် နန် က LMC ထိပ်သီးအစည်းအဝေးသို့ မြန်မာအစိုးရ၏ ဖိတ်ကြားမှုအား အကြောင်းတစ်စုံတစ်ရာမတုံ့ပြန်ခဲ့ခြင်းက ပုံမှန်ရိုးရိုးသားသားမှ ဟုတ်ပါမည်လောဟု ထင်မိကြောင်းပြောခဲ့သည်။
၂၀၂၂ ခုနှစ်၊ ဇူလိုင်လအတွင်းက LMC နိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို မြန်မာနိုင်ငံ၊ပုဂံမြို့၌ကျင်းပခဲ့စဉ်က မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့်အတူ ထိုစဉ်ကတရုတ်နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဝမ်ရိလည်း တက်ရောက်ခဲ့သေးသည်။
LMC ၏ ပေကျင်းမြို့ရှိ တရုတ်နိုင်ငံအတွင်းရေးမှူးချုပ်နှင့် ရန်ကုန်မြို့ရှိ တရုတ်နိုင်ငံသံရုံးတို့ကမူ LMC ထိပ်သီးဆွေးနွေးပွဲ မကျင်းပဖြစ်ခဲ့ခြင်းနှင့်ပတ်သက်၍ Al Jazeera ၏ မေးမြန်းချက်များအပေါ် တစ်စုံတစ်ရာ ပြန်လည်ပြောကြားခြင်းမရှိခဲ့ပေ။
တရုတ်အစိုးရအနေဖြင့် အာဆီယံအဖွဲ့၏နိုင်ငံ့ခေါင်းဆောင်များပြုလုပ်သော အစည်းအဝေးများတွင် မြန်မာနိုင်ငံအား ဖိတ်ခေါ်ခြင်းမပြုသကဲ့သို့ ယခုထိပ်သီးဆွေးနွေးပွဲတွင် ပြုလုပ်သည့်ပုံစံကိုမူ မပြသခဲ့ပေ။ သို့သော် LMC နိုင်ငံများ၏ထိပ်သီးဆွေးနွေးပွဲသို့ ဖိတ်ကြားချက်အား မတုံ့ပြန်ခဲ့ခြင်းက တရုတ်အစိုးရအနေဖြင့် ၎င်း၏ မြန်မာ နစက အစိုးရနှင့် ဆက်ဆံမှုအား အာဆီယံနိုင်ငံများနှင့်ဆက်ဆံမှုထက် ပို၍ဦးစားမပေးခြင်းကို ပြသသည့်လက္ခဏာတစ်ရပ်ဟုလည်းလေ့လာသူအချို့က ဆိုကြသည်။
တရုတ်အစိုးရအနေဖြင့် မြန်မာအစိုးရအား ဦးစားပေးကျားကန်ထားမှုကြောင့် ၎င်း၏ အာဆီယံနိုင်ငံများရှိ မဟာဗျူဟာမြောက်စီးပွားရေးစီမံကိန်းများ မထိခိုက်စေရန်ဆောင်ရွက်ခြင်းဟုလည်း ဆိုကြပေသည်။
တရုတ်အစိုးရအနေနှင့် မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခအခြေအနေများက ၎င်း၏ ရင်းနှီးမြုပ်နှံမှုအခြေအနေကို ထိခိုက်ပျက်ပြားစေမည်အား စိုးရိမ်မှုလည်း ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့်အတူ တရုတ်နိုင်ငံ၏ ရင်းနှီးမြုပ်နှံမှုများအားဆန့်ကျင်မှုများလည်း မြန်မာနိုင်ငံတွင် မြင့်တက်ခဲ့ရသည်။ ပဋိပက္ခအတွင်းဖြစ်ပွားခဲ့သောတိုက်ခိုက်မှုများက တရုတ်နိုင်ငံ၏အဓိကစီမံကိန်းများ(သို့မဟုတ်)စီမံကိန်းပြုလုပ်ရန်အလားလာရှိသောနေရာ အနည်းဆုံး ၃၀၀ ခန့်အနီးတွင်ဟုဆိုကြသည်။
ထို့ပြင်တရုတ်နိုင်ငံ၏ရေနံနှင့် သဘာဝဓါတ်ငွေ့ပိုက်လိုင်းတည်ရှိရာ ၁၉ မြို့နယ်နှင့် တရုတ်နိုင်ငံမှလည်ပတ်နေသော လက်ပံတောင်းကြေးနီစီမံကိန်းတို့အနီးတွင်လည်း တိုက်ခိုက်မှု ၁၀၀ ကျော်ဖြစ်ခဲ့သည်။
၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်တွင်ကဆိုလျှင် တရုတ်-မြန်မာစီးပွားရေးစင်္ကြန်လမ်းကြောင်းတည်ရှိရာ ရှမ်းပြည်နယ်တွင်လည်း မြန်မာလုံခြုံရေးတပ်ဖွဲ့များနှင့် အစိုးရဆန့်ကျင်သူများ ထိပ်တိုက်တိုက်တွေ့ဆုံမှုများဖြစ်ခဲ့သည်။
မြန်မာနိုင်ငံ၏ လက်ရှိ နစက အစိုးရနှင့် ရင်းရင်းနှီးနှီးဆက်ဆံမှုများ ဆက်လက်ပြုလုပ်နေသောနိုင်ငံများတွင် တရုတ်၊ အိန္ဒိယ၊ ရုရှားနှင့် ထိုင်းနိုင်ငံတို့ ပါဝင်ပေသည်။ ထိုနိုင်ငံများက မြန်မာအစိုးရနှင့်တပ်မတော်ကို ရှုတ်ချရန်မလိုလားကြပေ။ တရုတ်နှင့် ရုရှားတို့ဆိုလျှင် လုံခြုံရေးကောင်စီ၌ အနောက်နိုင်ငံများကဦးဆောင်၍ မြန်မာအပေါ် ပြင်းထန်သော အရေးယူမှုပြုလုပ်ရန်ဆောင်ရွက်မှုများကို တားဆီးခဲ့သည်။
မြန်မာနိုင်ငံ၏ စင်ပြိုင်အစိုးရဆိုသည့် NUG ကမူ မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံ၏ ရင်းနှီးမြုပ်နှံမှုများကို ဆန့်ကျင်တိုက်ခိုက်လျက်ရှိသည်။ သို့သော် NLD ပါတီနှင့် NUG အစိုးရနှစ်ခုစလုံးကတရုတ်ကွန်မြူနစ်ပါတီ၏ ပေကျင်းတွင်ကျင်းပသော အကြိမ် ၂၀ မြောက် ညီလာခံကို ဂုဏ်ပြုသဝဏ်လွှာများပေးပို့ခဲ့ကြသေးသည်။သို့ပါသော်လည်း တရုတ်ကွန်မြူနစ်ပါတီက NLD ပါတီ၏သဝဏ်လွှာကိုသာအသိအမှတ်ပြုခဲ့ပြီး NUG ၏သဝဏ်လွှာကို အသိအမှတ်ပြုခဲ့ခြင်းမရှိပေ။ NUGအစိုးရ၏ ဥပဒေရေးရာနှင့်နိုင်ငံရေးအဆင့်အတန်းက တရုတ်နိုင်ငံအတွင်း လုံးဝလက်မခံပျက်ပြားသည့်အခြေအနေရှိကြောင်း ကျွမ်းကျင်သူများကဆိုသည်။ မြန်မာနိုင်ငံ နစက အစိုးရခေါင်းဆောင်များအနေနှင့်မူ တရုတ်အစိုးရနှင့် လူသိရှင်ကြား မဟာမိတ်အဖြစ်ရပ်တည်နေပေသည်။
သို့ဖြစ်သောကြောင့်လည်း နိဂုံးအားဖြင့်မူ မြန်မာအစိုးရ၏ LMC ထိပ်သီးဆွေးနွေးပွဲအား တရုတ်နိုင်ငံဘက်မှ တစ်စုံတစ်ရာအကြောင်းမပြန်ခဲ့မှုက နှစ်ဖက်ဆက်ဆံရေးဆိုးဝါးစွာမထိခိုက်စေသော်လည်း တရုတ်အစိုးရနှင့် ဆက်ဆံရေးပိုမို ကောင်းမွန်ရန်လိုလားနေသော မြန်မာခေါင်းဆောင်များအဖို့ အံ့အားသင့်မှု ဖြစ်ကောင်းဖြစ်နေနိုင်ပြီး နစက အစိုးရအပေါ် တရုတ်အစိုးရ၏ မထိတထိ ပါးပါးနပ်နပ် တိုက်ခိုက်ခြင်းတစ်ရပ် ဟုဆိုချင်ပါသည်။
Ref——-Al Jazeer