MT News
၂၇. ၁. ၂၀၂၅
ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရာတွင် လူစားထိုးလဲလှယ်ပေးမည်ဟုဆိုကာ ကျပ်သိန်း ၁၃၀ တောင်းခံခဲ့သည့် မြို့နယ်ရဲမှူးအပါအဝင် ၄ ဦးကို အရေးယူလိုက်သလို အလွဲသုံးစားလုပ်ကာ တောင်းခံခဲ့သည့် ကျပ်သိန်း ၁၃၀ ကိုလည်း စစ်မှုထမ်းစုဆောင်းခံရသူ၏ မိသားစုဝင်များထံ ပြန်လည်ပေးအပ်လိုက်ကြောင်း သိရသည်။
ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးနှင့်ပတ်သက်၍ သက်ဆိုင်ရာမြို့နယ်အလိုက် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ စနစ်တကျ ဖွဲ့စည်းထားရှိ၍ ထုတ်ပြန်ထားသည့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်အညီသာ ရွေးချယ်ဆောင်ရွက်လျက်ရှိသော်လည်း ဇန်နဝါရီ ၂၆ ရက်နေ့၌ တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးပို့မှုအရ ရွှေဘိုမြို့နယ်အတွင်း ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်မှုနှင့်ပတ်သက်၍ ငွေကြေးအလွဲသုံးစားမှု ဆောင်ရွက်လျက်ရှိကြောင်း သိရှိခဲ့ရသည်။
ဖြစ်စဉ်အား မြေပြင်သတင်းစိစစ်ဖော်ထုတ်ခဲ့ရာ ဇန်နဝါရီ ၂၄ ရက် ည ၇ နာရီခန့်တွင် ရွှေဘိုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်၊ မြို့နယ်ရဲမှူး သန်းဇော် တို့ ဦးဆောင်သည့် ဧည့်စာရင်းစစ်ဆေးရေးအဖွဲ့သည် ရွှေဘိုမြို့၊ အမှတ် (၄) ရပ်ကွက်အတွင်း ဧည့်စာရင်းလိုက်လံစစ်ဆေးခဲ့ကြောင်း၊ စစ်ဆေးစဉ် မောင်ကျော်မင်းခန့်၊ အသက်(၂၄) နှစ်၊ အဘ ဦးကိုကိုလေး၊ ကျောက်မြစ်ကျေးရွာနေထိုင်သူသည် ဧည့်စာရင်းတိုင်ကြားထားခြင်းမရှိဘဲ ရောက်ရှိနေထိုင်လျက်ရှိသဖြင့် ပြည်သူ့စစ်မှုထမ်းစာရင်းသွင်းမည်ဟု ဆိုကာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ ခေါ်ဆောင်သွားခဲ့ကြောင်း၊ ထို့နောက် မောင်ကျော်မင်းခန့်၏မိဘများထံသို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ အငယ်တန်းစာရေး သူရိန်ညွန့်က ငွေကျပ်သိန်း ၁၃၀ ပေးပါက မောင်ကျော်မင်းခန့် အစား အခြားသူတစ်ဦးအား လူစားလဲလှယ်ပေးမည်ဟု ဆက်သွယ်ပြောဆိုလာခဲ့သဖြင့် ဇန်နဝါရီ ၂၅ ရက် မွန်းလွဲ ၃ နာရီခန့်တွင် မောင်ကျော်မင်းခန့်၏ ဖခင်ဖြစ်သူ ဦးကိုကိုလေးက သွားရောက်ပေးဆောင်ခဲ့ရကြောင်း သိရှိရသည်။
ဆက်လက် စိစစ်ဖော်ထုတ်ချက်များအရ အဆိုပါ ငွေကျပ်သိန်း ၁၃၀ အား ရွှေဘို မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းဇော် က ၂၅ သိန်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး မှ အကြီးတန်းစာရေး ကျော်ခိုင်လတ်က ၂၅ သိန်း၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ အငယ်တန်းစာရေး သူရိန်ညွန့်က ၃၀ သိန်း၊ မောင်ကျော်မင်းခန့်အစား လူစားထိုး လဲလှယ်မည့် ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်တွင် နေထိုင်သူ သန်းစိုးထိုက်က ၅၀ သိန်း စသည်ဖြင့် အသီးသီးခွဲယူခဲ့ကြကြောင်း ဖော်ထုတ်ရရှိခဲ့သည်။
ဖြစ်စဉ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို အလွဲသုံးစားပြုလုပ်၍ ငွေကြေးရယူ ဆောင်ရွက်ခဲ့ကြသူများအား တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ၎င်းတို့ရယူခဲ့ကြသည့် ငွေကျပ်သိန်း ၁၃၀ ကိုလည်း မောင်ကျော်မင်းခန့်၏ မိသားစုများထံသို့ သက်ဆိုင်ရာတာဝန်ရှိသူများက ဇန်နဝါရီ ၂၆ ရက် ည ၉ နာရီခွဲတွင် ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
သို့ဖြစ်ပါ၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ် ရေးအဖွဲ့များအနေဖြင့် ပြည်သူ့စစ်မှုထမ်းများအားဆင့်ခေါ်ရာတွင် သတ်မှတ်ပြဋ္ဌာန်း ထားသည့် ဥပဒေသတ်မှတ်ချက်များအတိုင်းသာ ဆင့်ခေါ်သွားရန်နှင့် ငွေကြေးများ တောင်းခံခြင်း၊ လူစားထိုးလဲလှယ်ခြင်းများ မရှိစေရေး တာဝန်ရှိသူများမှ အသိပညာ ပေးမှုများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူများအနေဖြင့်လည်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်မှုနှင့်ပတ်သက်၍ ဥပဒေနှင့်အညီဆင့်ခေါ်မှုမရှိပါက သက်ဆိုင်ရာ တာဝန်ရှိသူများထံသို့ ဆက်သွယ်သတင်းပေးပို့ခြင်းဖြင့် ပူးပေါင်းဆောင်ရွက် ပေးနိုင်ပါရန် အသိပေး သတင်းထုတ်ပြန်ထားသည်။