၁၃. ၁. ၂၀၂၃
Written By Thandar
ဇာတ်မင်းသား ဖိုးချစ်(ပန်တျာ) ကတော့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်က ပြန်လည်လွတ်မြောက်လာပြီလို့ ဇာတ်သဘင် ကန်ထရိုက် ကိုကျော်ဇေယျက M T News ကိုပြောပါတယ်။
“ကျွန်တော် သိသလောက်ကတော့ ကိုဖိုးချစ်က ၃၀ ရက်နေ့က ပြန်လည်လွတ်လာတာပါ။ သူနဲ့လည်း တိတိကျကျ မဆုံသေးတော့လေ။ ၃၀ ရက်နေ့က သူတို့လွတ်တယ်ဆိုတဲ့အကြောင်းကို သူ့အကိုရယ်၊ အမရယ် Facebook တင်ထားတာ တွေ့ပါတယ်။ အခုတော့ အပြင်မှာ ရောက်နေပါပြီ။ ကျွန်တော်တို့ သဘင်လောကမှာတော့ ကိုဖိုးချစ်က စံပြတစ်ယောက်ပါ။ ကိုယ်တွေထက် ငယ်ရွယ်သူဖြစ်ပေမယ့် အလုပ်တဲ့နေရာမှာ၊ ဇာတ်သဘင်လောကသား အားလုံးအတွက် အားကိုးအားထားဖြစ်ရတဲ့သူပါ။ သူပြန်လည်လွတ်မြောက်လာလို့ အတိုင်းမသိဝမ်းသာတယ်။ အကယ်၍လုပ်ငန်းတွေ လည်ပတ်လာမယ်ဆိုရင် ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ကြိုဆိုပါတယ်”လို့ ဇာတ်သဘင် ကန်ထရိုက် ကိုကျော်ဇေယျက ပြောပါတယ်။
မင်းသား ဖိုးချစ်နဲ့ တပည့်ဖြစ်သူကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၃၀ ကတည်းက ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာဖြစ်ပါတယ်။ ဖိုးချစ်နဲ့ ကာလတူဖမ်းဆီးခံရတဲ့ တေးရေး၊ တေးဆိုသျှန်ထွန်း (မြန်မာစာ) နဲ့ ညီမဖြစ်သူကတော့ ဒီဇင်ဘာ ၁၁ ရက်က ပြန်လည်လွတ်မြောက်ခဲ့တာဖြစ်ပါတယ်။
လက်ရှိအချိန်မှာ စီးပွားရေးလုပ်ငန်းတွေ တော်တော်များများက ပြန်လည် လည်ပတ်နေကြပေမယ့် သဘင်လောက အနေနဲ့ ဖျော်ဖြေတင်ဆက်မူတွေမရှိသေးဘူးလို့ သိရပြီး အရင်လို သဘင်လောကကို ပြန်လည် လည်ပတ်လုပ်ကိုင်စေချင်တယ်လို့ သိရပါတယ်။
“လောလောဆယ် သဘင်အတွက် ပွဲကဖို့တွေ လုပ်ဖိုမရှိသေးပါဘူး။ ပြန်လည် လည်ပတ်တယ်ဆိုတာက ဘုရားပွဲတွေအစပေါ့။ နည်းနည်းကြာမယ်။ အဓိက,ကတော့ ဂေါပကနဲ့ အဖွဲ့အစည်းတွေရဲ့ ကျင်းပခြင်း မကျင်းပခြင်းအပေါ် မူတည်သလို ဇာတ်သဘင်လောကမှာလည်း ဘာမှ မလှုပ်ရှားကြသေးပါဘူး။ ဇာတ်သဘင် စတင်လှုပ်ရှားဖို့ကလည်း ၃ လလောက် အချိန်ယူရဦးမှာပါ။ စတင် အလုပ်တွေ လုပ်ကိုင်နိုင်တယ်ဆိုရင်တောင် လူစုရမယ်။ အရမ်းကို ကွာဟသွားလို့ အနည်းဆုံး ၃ လလောက် အချိန်ယူရဦးမှာပါ”လို့ သူက ဆက်လက်ပြောပါတယ်။