၂၇.၁.၂၀၂၄
Photo by ThiRi
ငါးခြောက်ဆိုရင် ဆပေါ့ (ဆားပေါ့)ခြောက်၊ ဆိုးဆေးမပါ ယမ်းမပါ သဘာဝခြောက်ကိုမှ ရွေးချယ်ဝယ်ယူလာတဲ့ ဈေးကွက်အရ တစ်နိုင်တစ်ပိုင် အိမ်လှမ်းခြောက်တွေလို့ အာမခံရောင်းနိုင်ရင် ဈေးပိုရသလို အရောင်းလည်းပိုသွက်ပါတယ်။
အောက်မင်္ဂလာဒုံဈေးထဲမှာ အဲ့ဒီလို ငါးခြောက်လုပ်ငန်း လုပ်ကိုင်သူတွေရှိပြီး လုပ်ကိုင်လာကြတာလည်း နှစ်နှစ်ဆယ် နီးပါးရှိပြီလို့ ဆိုပါတယ်။ မိုးလေလွတ်ချိန် နိုဝင်ဘာ ဒီဇင်ဘာကနေ မေလလောက်အထိ သူတို့ဒီလုပ်ငန်းကို လုပ်ကိုင်ပါတယ်။ ရန်ကုန် ကြည့်မြင်တိုင် ငါးဈေး ၊ ရွှေပိတောက်ငါးဈေးကနေ ငါးရံ့ ၊ ပင်လယ်ငါးပုတ်သင် ၊ ငါးမြွေထိုး ၊ ငါးနုသန်း ၊ ပင်လယ်ရေချိုစပ် ငါးတံခွန် ၊ ငါးခွေလျှာ စတဲ့ ငါးတွေ ကုန်တိုက်လာပါတယ်။ ပြီးရင် ခွဲခြမ်းပြီး အခြောက်လှမ်းကာ ၊ မရမ်းကုန်း ၊ ရွှေပြည်သာ၊ အင်းစိန်၊ ဖော့ကန် နဲ့ အခြား ရပ်ကွက်ဈေးတွေကို သူတို့က ငါးခြောက်ဖောက်သည် ဈေးအရောက် ဝန်ဆောင်မှုလက်ကားပေးပါတယ်။
အောက်မင်္ဂလာဒုံဈေး ဂျိုးဖြူပိုက်လုံးအနီးမှာ ငါးခြောက်လုပ်ငန်း တစ်နိုင်တစ်ပိုင် လုပ်ကိုင်သူ ဆယ်ဦးလောက်ရှိပါတယ်။ အဲ့ဒီလုပ်ငန်းခွင်ထဲမှာ အခြားလုပ်သားတွေအဖြစ် ၊ ငါးခြောက်ခွဲတာ ၊ ဆေးတာ ၊ အကြေးခွံ ခွာတာ ၊ ဆားနယ်နေလှမ်းတာ စတဲ့ အလုပ်အကိုင်အခွင့်အလမ်း အသေးစားတွေလည်း ပေါ်ပေါက်လာပါတယ်။