၂၇. ၁. ၂၀၂၅
Written by Nay Moe
MNDAA လက်နက်ကိုင် ကိုးကန့်ထိန်းချုပ် ဒေသမှာရှိတဲ့ တရုတ်နယ်စပ်ဂိတ်မှာ ကုန်စည်ဖြတ်သန်းခွင့် ပြန်လည်ခွင့်ပြုပြီးနောက် စားနပ်ရိက္ခာတွေ ဝယ်စုထားကြဖို့ လူထုတွေကို MNDAA ကညွှန်ကြားထားတယ်လို့ UWSA ထိန်းချုပ်မီဒီယာ Wa News Land က ဖော်ပြလာပါတယ်။
တရုတ်နယ်စပ်ဂိတ်တွေ အချိန်မရွေး ပြန်ပိတ်နိုင်တာကြောင့် တရုတ်နှစ်သစ်ကူး မကုန်ခင် လိုအပ်တဲ့ စားနပ်ရိက္ခာတွေ ဝယ်စုထားကြဖို့ ဇန်နဝါရီ ဒုတိယပတ်အတွင်း မြို့နယ်အလိုက် လပတ်အစည်းအဝေးမှာ ညွှန်ကြားထားတာ ဖြစ်တယ်လို့ ချင်းရွှေဟော်မြို့မှာ နေထိုင်တဲ့ ဒေသခံတစ်ဦးက”ဂိတ်တွေ ဖွင့်ထားတုန်း လိုအပ်တဲ့အစားအသောက်တွေ ဝယ်သိုလောင်ထားကြဖို့။ နိုင်ငံရေးကလည်း တရုတ်နှစ်သစ်ကူးပြီးရင် ပြန်ရှုပ်မှာတဲ့။ ဂိတ်တွေလည်း ပြန်ပိတ်နိုင်တာကြောင့် လို့ပြောတယ်”လို့ ဆိုပါတယ်။
လက်ရှိမှာ ရန်လုံကျိုင်းဂိတ်နဲ့ ချင်းရွှေဟော်ဂိတ်ကနေ ကုန်စည်ဖြတ်သန်းခွင့် ဖြေလျှော့ထားပြီး လူထုတွေအနေနဲ့ တစ်ပိုင်တစ်နိုင် စားသောက်ကုန်တွေ ဝယ်ယူလာနေတာကို တွေ့ရှိရပါတယ်။
တရုတ်အစိုးရဟာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းကစပြီး ရှမ်းမြောက်က တိုင်းရင်းသား လက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ နယ်စပ်ဂိတ် အားလုံးကို ပိတ်ခဲ့ပြီး “ဝ” တပ်ထိန်းချုပ်ထားတဲ့ နမ့်တစ် – မန်ခါးဂိတ်ကိုလည်း သြဂုတ်လထဲ ပိတ်ခဲ့ပေမဲ့ နစကနဲ့ MNDAA တို့ဟာ တရုတ်ကြားဝင်ညှိနှိုင်းပေးမှုနဲ့ ဇန်နဝါရီ ၂၀ ရက်က နှစ်ဖက်အပစ်ခတ်ရပ်စဲရေး သဘောတူခဲ့ကြပြီး တစ်ဆက်တည်းမှာပဲ နယ်စပ်ဂိတ်အပြင် “ဝ” – ကိုးကန့်ဒေသကို ဆက်သွယ်ထားတဲ့ ဖောင်ဆိပ်တံတားမှာ ကုန်စည်တွေ လွတ်လပ်စွာ ဖြတ်သန်းခွင့်ကို တရုတ်ညွှန်ကြားချက်အရ ပြန်လည်ဖွင့်လှစ်ခွင့် ပြုလိုက်တယ်လို့ UWSA ဦးစီးချုပ်ရုံးက ထုတ်ပြန်ခဲ့ပါတယ်။
MNDAA ရဲ့ စားနပ်ရိက္ခာဝယ်စုရေးညွှန်ကြားချက်ဟာ ၁၀၂၇ တတိယလှိုင်း အပိုင်း (၃) နဲ့ ဆက်စပ်နိုင်သလို အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ဟာ အချိန်ခဏအတွင်းမှာ ပျက်ပြယ်သွားနိုင်တဲ့အခြေအနေလို့လည်း သုံးသပ်မှုတွေ ရှိနေပါတယ်။
Ref & Photo , Wa News Land