၂၇.၁.၂၀၂၅.
Translated by Htwe Ko Tun
ဂရိနိုင်ငံ၏ မြို့ကြီး ၁၁၀ နှင့် ပြည်ပ ၁၃ နေရာတို့တွင် ဆန္ဒပြသမားထောင်ပေါင်းများစွာက ဇန်နဝါရီလ ၂၆ ရက်တွင် ပြုလုပ်ခဲ့ကြသော ဆန္ဒပြပွဲတွေမှာ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလက ဖြစ်ပွားခဲ့တဲ့ လူ ၅၇ ယောက်သေဆုံးခဲ့ရတဲ့ နိုင်ငံရဲ့ အဆိုးဝါးဆုံး ရထားတိုက်မှုကြီးနဲ့ပတ်သက်လို့ မျှတမှုကို တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။
ဂရိရဲ့ အကြီးမားဆုံးမြို့ကြီးနှစ်မြို့ဖြစ်တဲ့ အေသင်နဲ့ သက်ဆာလိုနီကီတို့မှာဆိုရင် ရှည်လျားလှတဲ့ ဆန္ဒပြလူတန်းရှည်ကြီးကိုတွေ့ရပြီး အင်အား ၃၀,၀၀၀ လောက်စီ ပါဝင်ဆန္ဒပြခဲ့ကြပါတယ်။ အများအားဖြင့် ငြိမ်းချမ်းစွာ ဆန္ဒပြကြပေမယ့် လူအုပ်စုလေးတွေကတော့ ရဲတွေကို ကျောက်တုံးတွေနဲ့ ပစ်ပေါက်တိုက်ခိုက်တာ၊ မီးရှုးမီးပန်းတွေနဲ့ပစ်တာတွေ လုပ်တတ်ကြပါသေးတယ်။ ရဲတွေကလည်း မျက်ရည်ယိုဗုံးတွေနဲ့ ပြန်ပစ်တတ်ကြပြီး နှစ်ဖက်တိုက်ခိုက်မှုတွေ မိနစ်အနည်းငယ်ကြာအောင် ဖြစ်တတ်ကြပါတယ်။
လန်ဒန်မှာဆိုရင်လည်း လူ ၅၀၀ လောက်က ဂရိသံရုံးအပြင်ဘက်မှာ စုဝေးဆန္ဒပြခဲ့ကြပါတယ်။ ဂရိနိုင်ငံ ပြင်ပမြို့ကြီးတွေဖြစ်တဲ့ အမ်စတာဒမ်၊ ဘာလင်၊ ဘရပ်ဆဲလ်၊ ကိုလုံး၊ ဟယ်လ်ဆင်ကီး၊ လန်ဒန်၊ နီကိုရှား၊ ရေကယာဗစ်နဲ့ မော်လ်တာနိုင်ငံ၊ ဗာလက်တာမြို့တို့မှာ ရထားတိုက်မှုမှာသေဆုံးခဲ့ရသူတွေအတွက် တရားမျှတမှုကိုတောင်းဆိုတဲ့ဆန္ဒပြပွဲတွေ လုပ်ခဲ့ကြတာ တွေ့ရပါတယ်။
ဒီရထားတိုက်မှုကြီးက ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက် ညမှာဖြစ်ခဲ့ရပြီး နိုင်ငံမြောက်ဘက်ကို ဦးတည်ခုတ်မောင်းလာတဲ့ လူစီးရထားတစ်စီးက လမ်းကြောမှားပြီးဝင်လာတဲ့ နိုင်ငံတောင်ပိုင်းကို ခုတ်မောင်းလာတဲ့ ကုန်ရထားတစ်စီးကို ဝင်တိုက်ခဲ့တာပါ။ ဒီရထားတိုက်မှုမှာ လူ ၅၇ ဦးထိ သေဆုံးခဲ့ရပါတယ်။
Ref- AP