![photo_2025-01-27_15-00-24](https://www.mtnewstoday.com/wp-content/uploads/2025/01/photo_2025-01-27_15-00-24.jpg)
၂၇.၁.၂၀၂၅
Translated by Htwe Ko Tun
ဘီလာရုစ်နိုင်ငံမှာ သမ္မတရွေးကောက်ပွဲကို ဇန်နဝါရီလ ၂၆ ရက်က ကျင်းပခဲ့ရာမှာ လက်ရှိသမ္မတ အလက်ဇန်းဒါး လူကာရှန်ကိုကပဲ ဆက်လက်အနိုင်ရရှိပြီး သမ္မတအဖြစ် သတ္တမမြောက် သက်တမ်းကို ဆက်လက်ရွေးချယ်တင်မြှောက်ခံခဲ့ရတယ်လို့ သိရပါတယ်။
ရှေးဦးရလဒ်တွေအရ လူကာရှန်ကိုဟာ ထောက်ခံမဲ ၈၆ ဒသမ ၈၂ ရာခိုင်နှုန်းရရှိပြီး သမ္မတအဖြစ် ထပ်မံရွေးကောက်တင်မြှောက်ခံရတယ်လို့ ဇန်နဝါရီလ ၂၇ ရက် နံနက်အစောပိုင်းမှာ နိုင်ငံရဲ့ ဗဟိုရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့ပါတယ်။ ဘီလာရုစ်နိုင်ငံဥပဒေအရ သမ္မတရွေးကောက်ပွဲမှာ ထောက်ခံမဲ ၅၀ ရာခိုင်နှုန်းကျော်သူက သမ္မတအဖြစ် တင်မြှောက်ကြေညာခြင်းခံရမှာပါ။
ရွေးကောက်ပွဲအပေါ် ဝေဖန်မှုအမျိုးမျိုးရှိနေကြပေမယ့် ဘီလာရုစ်နိုင်ငံရဲ့ အသက် ၇၀ နှစ်ရှိ ထောက်ခံမှု အင်အားကောင်းဆဲ လူကာရှန်ကိုက နိုင်ငံကို သူ့အနေနဲ့ အနှစ် ၃၀ အုပ်ချုပ်လာမှုသက်တမ်းကို ထပ်မံတိုးမြှင့်လိုက်တာလို့လည်း ဆိုရမှာပါ။ နိုင်ငံရဲ့ အတိုက်အခံနိုင်ငံရေးသမားတွေကလည်း ပြည်နှင်ဒဏ်ခံနေရတာ ဒါမှမဟုတ် အကျဥ်းကျခံနေရတာတွေကြောင့် ရွေးကောက်ပွဲမှာ လူကာရှန်ကို ကို ယှဉ်နိုင်တဲ့ သမ္မတလောင်းတွေ ပါဝင်လာခြင်းမရှိပါဘူး။
ပြည်နှင်ဒဏ်ခံရပြီး ပြည်ပရောက်နေတဲ့ နိုင်ငံရေးသိပ္ပံပညာရှင် ဗာလီရီ ကာဘလီဗစ်ရှ်ကတော့ ၂၀၂၄ ခုနှစ်အတွင်းကတည်းက လက်ရှိ အာဏာရယူထားတဲ့ လူကာရှန်ကိုအဖို့ တကယ့်အတိုက်အခံတွေနဲ့သာ သမ္မတရွေးကောက်ပွဲ လုပ်ရင် ဘယ်လိုမှ နိုင်စရာအကြောင်းမရှိဘူးလို့ ပြောခဲ့ပါတယ်။ ဥရောပသမဂ္ဂရဲ့ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲဖြစ်တဲ့ Kaja Kallas ကလည်း ဘီလာရုစ်နိုင်ငံရဲ့ သမ္မတရွေးကောက်ပွဲကို ဒီမိုကရေစီအား ပြောင်ပြောင်တင်းတင်းစော်ကားမှုလို့ ရှုတ်ချခဲ့ပါသေးတယ်။
ဒါပေမယ့် လူကာရှန်ကိုကလည်း မင့်စ်ခ်မြို့မှာ မဲပေးရင်းကနေ ဘီလာရုစ်အနေနဲ့ ရွေးကောက်ပွဲကို ပြည်ပနိုင်ငံတွေက အသိအမှတ်ပြုဖို့လည်းမလိုဘူး။ ကျွန်တော့အနေနဲ့ဆိုရင် ဒီရွေးကောက်ပွဲကို ဥရောပသမဂ္ဂက အသိအမှတ်ပြုပြု၊ မပြုပြု အလေးထားစရာကိုမလိုဘူးလို့ ပြောခဲ့ပါတယ်။
၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲအပြီးမှာလည်း နိုင်ငံတစ်ဝန်းဆန္ဒပြပွဲတွေ ဖြစ်ခဲ့ပါသေးတယ်။ ဒါပေမယ့် လူကာရှန်ကိုက ဆန္ဒပြပွဲတွေကို ရုရှားနိုင်ငံအကူအညီနဲ့ နှိမ်နင်းခဲ့ပါတယ်။ ဒီနောက်မှာတော့ ဘီလာရုစ်နိုင်ငံက လူ ၃၀၀,၀၀၀ လောက်ထွက်ပြေးခဲ့တယ်လို့ ကုလသမဂ္ဂက ခန့်မှန်းခဲ့ပါတယ်။
Ref , Yahoo, Xinhua