၂၇.၁.၂၀၂၅
Translated by Htwe Ko Tun
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒက်ကာမြို့ရှိ ဒက်ကာတက္ကသိုလ်နဲ့ သူနဲ့ဆက်စပ်နေတဲ့ ကောလိပ်ခုနစ်ခုက ကျောင်းသားတွေဟာ ဇန်နဝါရီလ ၂၇ ရက်၊ နံနက် ၁ နာရီခွဲလောက်ကစလို့ တစ်ဖက်နဲ့တစ်ဖက် လိုက်လံတိုက်ခိုက်ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
ကောလိပ်ခုနစ်ခုက ကျောင်းသားတွေဟာ ဇန်နဝါရီလ ၂၆ ရက် ညနေပိုင်းမှာ စတင်ဆန္ဒပြခဲ့ကြပြီး သိပ်မကြာခင် ညဘက်ပိုင်းအရောက်မှာ သူတို့နဲ့ ဒက်ကာတက္ကသိုလ် ကျောင်းသားတွေအကြား တင်းမာတဲ့ လိပ်ခဲတည်းလည်း အခြေအနေကို ရောက်လာရပါတယ်။
ကောလိပ်ကျောင်းသားတွေက သူတို့ရဲ့ ဆန္ဒပြမှုမှာ ၂၀၂၄ -၂၀၂၅ ပညာသင်နှစ်ကစလို့ ကောလိပ်ခုနစ်ခုက ကျောင်းသားတွေကို ဒက်ကာတက္ကသိုလ်ဝင်ရောက်ခွင့် စစ်ဆေးရာမှာ အကြောင်းအချက်မခိုင်လုံတဲ့ ခွဲတမ်းစနစ်ကိုဖျက်သိမ်းဖို့၊ ဝင်ရောက်ခွင့်တွေက စာသင်ခန်းစွမ်းဆောင်နိုင်စွမ်းတွေထက် မကျော်လွန်စေရန် အာမခံဖို့၊ ဝင်ရောက်ခွင့်တွေမှာ ဆရာ-ကျောင်းသား အချိုးကို ထည့်သွင်းစဉ်းစားဖို့၊ ဝင်ရောက်ခွင့် စစ်ဆေးမှုတွေမှာ မှားယွင်းတဲ့အဖြေတွေကို အမှတ်နုတ်ယူဖို့ နဲ့ ဝင်ရောက်ခပေးငွေတွေကို ပိုမိုပြီးပွင့်လင်း မြင်သာမှုရှိစေဖို့ ဒက်ကာတက္ကသိုလ် ငွေစာရင်းမှာမထည့်ဘဲ သီးခြားငွေစာရင်းတစ်ခုနဲ့ အပ်နှံထားဖို့ဆိုတာတွေကို တောင်းဆိုခဲ့ကြပါတယ်။
ညသန်းခေါင်အချိန်မှာ သူတို့အုပ်စုတွေဟာ ဒက်ကာမြို့ရဲ့ နီလ်ခက်(Nilkhet) နယ်မြေမှာ ထိပ်တိုက်တွေ့ကာ ရန်ဖြစ်တိုက်ခိုက်ခဲ့ကြပါတယ်။ ဒီမှာ ရဲတပ်ဖွဲ့က အကြမ်းဖက်မှုတွေဖြစ်မလာစေဖို့အတွက် လူသေကြေတဲ့အထိမဖြစ်နိုင်တဲ့လက်ပစ်ဗုံးတွေ၊ မျက်ရည်ယိုဗုံးတွေနဲ့ တားဆီးလူစုခွဲခဲ့ရပါတယ်။ ဒီမှာ ကျောင်းသားအများအပြားကတော့ ပြင်းထန်မှုမရှိတဲ့ အသေးအမွှားဒဏ်ရာတွေ ရခဲ့ကြပါတယ်။
ဒက်ကာတက္ကသိုလ်က ကြေညာချက်တစ်ရပ်ထုတ်ပြန်ခဲ့ရာမှာတော့ ဇန်နဝါရီလ ၂၇ ရက်မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ အတန်းတွေနဲ့ စာမေးပွဲတွေအားလုံး ရပ်ဆိုင်းခဲ့တယ်လို့ သိရပါတယ်။
ကောလိပ်ကျောင်းသားတွေ အနည်းဆုံး ၂၀၀ လောက်က ညနေပိုင်းမှာတော့ Mirpur လမ်းပေါ်က သိပ္ပံဓာတ်ခွဲခန်းလမ်းဆုံကို ပိတ်ခဲ့ကြတာပါ။ သူတို့ရဲ့တောင်းဆိုချက်တွေမှာ အဓိကကတော့ ကောလိပ်ကျောင်းသားတွေအတွက် ဒက်ကာတက္ကသိုလ်မှာ ဆက်လက်ပညာသင်ကြားဖို့ ဝင်ခွင့်စာမေးပွဲတွေသီးခြားပြုလုပ်တာနဲ့ ဝင်ရောက်ခွင့်စစ်ဆေးမှုအတွက် ခွဲတမ်းစနစ်တို့ကို ပယ်ဖျက်ပေးဖို့တွေက အဓိကလို့ဆိုရမှာပါ။
ကောလိပ်ကျောင်းသားတွေက ဒက်ကာတက္ကသိုလ်ရဲ့ Pro-VC ပါမောက္ခ မာမွန် အာမက်နဲ့တွေ့ဆုံပြီး သူတို့ရဲ့ တောင်း ဆိုချက်ငါးခုကို တင်ပြခဲ့ပေမယ့် သူတို့အပေါ် မလျော်မကန်ပြုလုပ်တာမျိုး ခံခဲ့ရတယ်လို့လည်း ပြောခဲ့ပါတယ်။ ဒါကြောင့် သူတို့က သိပ္ပံဓာတ်ခွဲခန်းလမ်းဆုံကိုပိတ်ဆို့ခဲ့တာလို့ဆိုပါတယ်။ ပါမောက္ခ မာမွန်အာမက်အနေနဲ့ လူသိရှင်ကြားတောင်းပန်ရင် ဆန္ဒပြမှုရပ်ဆိုင်းမယ်လို့ ကောလိပ်ကျောင်းသားတွေက ဆိုပါတယ်။
ပါမောက္ခ မာမွန်အာမက်ကလည်း ကောလိပ်ခုနစ်ခုက ကျောင်းသား ၅၀-၆၀ လောက်ဟာ သူ့ရုံးခန်းထဲကို ဝင်လာခဲ့ကြတယ်။ ကျွန်တော်က ကိုယ်စားလှယ်နှစ်ယောက်လောက်ပဲလာဖို့ပြောတာမရဘူး။ ဒီအချိန်မှာ အခန်းထဲကို အဓမ္မဝင်လာကြတာ။ ဒီလို လူအုပ်နဲ့ အနိုင်ကျင့်တဲ့ပုံစံမျိုးလုပ်လို့ သူတို့ လိုလားချက်တွေကို ကျွန်တော်ဖြေရှင်းပေးမှာမဟုတ်ဘူး လို့ပြောခဲ့ပါတယ်။
ဒက်ကာတက္ကသိုလ်ရဲ့ အာဏာပိုင်တွေက ကောလိပ်ခုနစ်ခုက ကျောင်းအုပ်ကြီးတွေနဲ့ ဇန်နဝါရီလ ၂၇ ရက်မှာ တွေ့ဆုံဆွေးနွေးကြမယ်လို့ သိရပါတယ်။
Ref- Daily Star