◾ အဲမွီ၊ စူပါရေချမ်းနဲ့ ရှုံးပွဲမရှိသေးတဲ့ မိုးထက်အောင်တို့ ပွဲကြမ်းကြဦးမယ့် One 95 ရဲ့ ဒီတစ်ပတ်ထိုးသတ်ပွဲ
၂၇. ၁. ၂၀၂၅
Written by Tha Doe
သန့်ဇင်နဲ့ စိုးလင်းဦး တွဲစပ်လာတိုင်း မနိုင်ဘူးဆိုတဲ့ စံချိန်ကို ဆက်ထိန်းသွားခဲ့တဲ့ One 170 ပွဲဟာ ရိုးရာလက်ဝှေ့ချစ်ပရိသတ်တွေကို အဆမတန်နာကျင်စေခဲ့သလို အထူးသဖြင့်တော့ တခဲရုကို ရှုံးလို့ ဂုဏ်မငယ်ခဲ့တဲ့ သန့်ဇင်ဟာ ဆူရီယန်လက်ခ်ကို ရှုံးတဲ့ပွဲမှာတော့ တစ်ချက်လောက်ထိတာနဲ့ ပြာထွက်သွားပြီး မာဂုဏ်မရှိ လှဲချဖို့အသင့်ဖြစ်နေတဲ့ ကြောက်ကျွဲပုံစံဖြစ်နေတာကိုပါ နှမြောတသစွာ နှစ်ပွဲဆက်မြင်ခဲ့ရတာကြောင့်ပါ။
မြန်မာတွေမျှော်လင့်ချက်ကြီးထားတဲ့ သန့်ဇင်ဟာ အသည်းပါးလွန်းပြီး အကိုဖြစ်သူထွဏ်းလွင်မိုးရဲ့ သတ္တိနဲ့ ဇရော၊ ထိုးပုံသတ်ပုံရော မမှီသလို အထူးသဖြင့် Fight IQ နိမ့်ပြီး ပွဲတစ်ပွဲအပေါ် လူငယ်ဆန်ဆန်ချည်းကပ်ထိုးသတ်ဖို့ လေ့လာပြင်ဆင်မှု အရမ်းအားနည်းနေတာကို တွေ့ရချိန်မှာ မြန်မာတွေအဖို့တော့ အရပ်ပုတယ်ထင်ရပေမဲ့ ထိုးပုံသတ်ပုံကောင်းမွန်ပြီး မာဂုဏ်ရော၊ ဇပါပြင်းတဲ့ မိုးထက်အောင်က သန့်ဇင်အစား မျှော်လင့်ချင်စရာဖြစ်လာပါတယ်။
သန့်ဇင်လို ဒရာမာတွေမခင်း မျက်ရည်မခြူ ကံခေလို့သာ နာမည်ကြီးခွင့်တွေနဲ့ လွဲချော်နေရတဲ့ မိုးထက်အောင်ဟာ Family Wan Chai ရဲ့ လက်ထွက်ပီပီ စုစုပေါင်း ၃၅ ပွဲထိုးသတ်ထားရာမှာ ၁ ပွဲပဲရှုံးနိမ့်ထားပြီး One မှာ ထိုးသတ်တဲ့ နှစ်ပွဲမှာ တစ်ပွဲကို အလူးအလဲခံနေရာကနေ အလဲထိုးအနိုင်ရလို့ ဘောနပ် ဘတ် ၃၅၀၀၀၀ ရခဲ့သလို တစ်ပွဲကိုတော့ ဒိုင်အများစုဆုံးဖြတ် ချက်အရ အမှတ်နဲ့နိုင်ခဲ့တာပါ။ မိုးထက်အောင်နိုင်ခဲ့တဲ့ ဂျပန်ဖိုက်တာ မာရုယာမရော ကာဇူကီရောဟာ မိုးထက်အောင်ထက် လက်ရည်သာတယ်လို့ သတ်မှတ်ခံရသူတွေဖြစ်ပေမဲ့ မိုးထက်အောင်က လူတကာမထင်မှတ်လောက်အောင် စွမ်းဆောင်ပြခဲ့တာပါ။
မိုးထက်အောင်ဟာ ခန္ဓာကိုယ်ပြားပြီး အလုံးအထည်ကြီးတာကြောင့်သာ ပုသယောင်ထင်ရပေမဲ့ သန့်ဇင်နဲ့ အရပ်အမောင်းအတူတူပဲဖြစ်သလို လက်ရှိ ဖလိုင်းဝိတ်ချန်ပီယံခါးပတ်အသိမ်းခံထားရတဲ့ ထိုင်းနာမည်ကျော် ရော့ထန်၊ တခဲရုတို့နဲ့လည်း အရပ်အတူတူပါပဲ။ ဒါ့အပြင် စူပါလက်ခ်ထက်လည်း တစ်လက်မပဲနိမ့်လို့ လက်စွမ်းတက်လာရင် ဖလိုင်းဝိတ်ချန်ပီယံ စိန်ခေါ်ခွင့်ရမှာဖြစ်သလို One 95 မှာတော့ မိုးထက်အောင်အတွက် ပထမဆုံးအဖြစ် အရင်နှစ်ပွဲလို ဂျပန်နိုင်ငံသားတွေနဲ့ မဆုံတော့ဘဲ ထိုင်းနိုင်ငံသားနဲ့ ထိုးသတ်ရမှာပါ။
အလဲမထိုးနိုင်သရွေ့ ထိုင်းနိုင်ငံသားကို အမှတ်နဲ့ အနိုင်ပေးတတ်တဲ့ One ရဲ့ အကျင့်ဆိုးအောက်မှာ မိုးထက်အောင်ဟာ Samingdam Looksuan၊ အဲမွီဟာ ဂျပန်နိုင်ငံသား Muga Seto နဲ့ စူပါရေချမ်းဟာ ထိုင်းနိုင်ငံသား Dunk Lookphorphayasuea နဲ့ အသီးသီးထိုးသတ်ရမှာပါ။
One မှာ ထိုးသတ်ရတဲ့နှစ်ပွဲစလုံး အလဲထိုးအနိုင်ရထားတဲ့ ဂျပန်နိုင်ငံသား Seto ဟာ ထွန်းထွန်းမင်းရဲ့ညီ ထွန်းမင်းနိုင်ကို နှစ်ကျော့စလုံး အလဲထိုးထားတဲ့ ကာဗီလန်ဂျလေဗန်ကိုလည်း နိုင်ထားပါသေးတယ်။ ဒါ့အပြင် One မှာ တစ်ပွဲရှုံး နှစ်ပွဲနိုင်ထားတဲ့ ၂၂ နှစ်သား အဲမွီထက် Seto က ၆ နှစ်ပဲကြီးသလို အရပ်ကလည်း သုံးလက်မပိုရှည်လို့ အဲမွီအဖို့ ဒီတစ်ပွဲကလည်း မလွယ်ကြောပါ။ One မှာ တစ်ပွဲထိုးပြီး အမှတ်နဲ့ ကပ်ရှုံးထားတဲ့ စူပါရေချမ်းနဲ့ထိုးသတ်ရမယ့် ထိုင်းနိုင်ငံသား Dunk ကတော့ One ပွဲဦးထွက်ဖြစ်ပြီး အသက် ၂၅ နှစ်သာရှိသေးသလို စူပါရေချမ်းထက် ၂ လက်မနီးပါးပိုမြင့်ပြီး ထိုင်းပြည်တွင်းပြိုင်ပွဲတွေမှာ ပွဲ ၅၀ ကျော်ထိုးသတ်ထားသူပါ။ ပိုဆိုးတာက Dunk ဟာ မွေထိုင်း LWC Super Champ ရဲ့ ချန်ပီယံအဖြစ်လည်း ပြီးခဲ့တဲ့ အောက်တိုဘာကမှ ဆွတ်ခူးထားသူလည်းဖြစ်နေလို့ သမ္ဘာ၊ ပညာ၊ အတွေ့အကြုံ၊ ထိုင်းနိုင်ငံသားဖြစ်မှု အားလုံးသာနေတာဟာ ပြီးခြေပြီးလက်နည်းတဲ့ အဲမွီအဖို့လည်း ခက်ခဲဦးမယ့် အခြေအနေပါ။
ဒီလိုအခြေအနေကြားမှာ မိုးထက်အောင်နဲ့ ရင်ဆိုင်ရမယ့် ထိုင်းနိုင်ငံသား Samingdam ဟာ မိုးထက်အောင်ထက် ၁ လက်မကျော်ကျော်နိမ့်ပြီး One မှာ သာမန်အဆင့်တွေနဲ့ ၆ ပွဲထိုးသတ်ရာမှာ ၃ ပွဲရှုံး၊ ၃ ပွဲနိုင်ထားသလို အသက်ကလည်း ၂၂ သာရှိသေးလို့ အမြင်အားဖြင့်တော့ မိုးထက်အောင်က အရာရာ သာပါတယ်။
စိုးလင်းဦးနဲ့ သန့်ဇင်တို့က One 81 နဲ့ One 170 မှာ ဆက်တိုက် ရှုံးထားသလို တစ်ပတ်ပဲခြားတဲ့ One 95 မှာ သုံးပွဲပါပြန်တော့လည်း အဲမွီနဲ့ စူပါရေချမ်းက ပွဲကျပ်နေချိန်မှာ မြန်မာပရိသတ်တွေအဖို့တော့ သိက္ခာဆယ်နိုင်ပွဲရယူပေးနိုင်ဖို့ မိုးထက်အောင်သာ မျှော်လင့်ချက်ရှိတော့တာကြောင့် လာမယ့် ဇန်နဝါရီ ၃၁ ရက် သောကြာနေ့ ညနေ ထိုးသတ်ပွဲမှာ မြန်မာ့ရိုးရာလက်ဝှေ့သမားတွေ သိက္ခာဆယ် နိုင်ပွဲရရှိရေး တစ်ခုတည်းသော မျှော်လင့်ချက်က မိုးထက်အောင်မှတစ်ပါး အခြားသူမရှိတော့…..။