၂၇. ၁. ၂၀၂၅
Written by Nyein Kyaw
ယခုဇန်နဝါရီလ ၂၅ ရက်မှစတင်၍ ပို့ကုန်/သွင်းကုန်များအပေါ် အခွန်စည်းကြပ်ကောက်ခံခြင်းအား ယခင်အတိုင်း တစ်ဒေါ်လာ ကျပ် ၂၁၀၀ နှုန်းဖြင့်သာ ပြန်လည်ကောက်ခံမည်ဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာအမှတ် (၈/၂၀၂၅) ဖြင့် အသိပေးထုတ်ပြန်ထားသည်။
ယခင်က ပို့ကုန်/သွင်းကုန်များအပေါ် အခွန်စည်းကြပ်ကောက်ခံရာတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်သည့် ရည်ညွှန်းငွေလဲလှယ်နှုန်း (Reference Rate) တစ်ဒေါ်လာ ကျပ် ၂,၁၀၀ ကို အခြေခံပြီး ကောက်ခံခဲ့ခြင်းဖြစ်သည်။
သို့သော် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၉၀/၂၀၂၄) ဖြင့် တင်သွင်း၊ တင်ပို့သည့် ကုန်ပစ္စည်းများအပေါ် အကောက်ခွန်ဦးစီးဌာနက မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နေ့စဉ်ထုတ်ပြန်လျက်ရှိသည့် ဈေးကွက်ငွေလဲလှယ်နှုန်း (Market Trading Rate) တစ်ဒေါ်လာ ကျပ် ၃,၆၀၀ ဝန်းကျင်ကို အခြေခံသည့် အပတ်စဉ်နိုင်ငံခြားငွေလဲလှယ်နှုန်း (Weekly Exchange Rate)ဖြင့် အခွန်စည်းကြပ်ကောက်ခံမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
ယခုအခါ တင်သွင်း၊ တင်ပို့သည့် ကုန်ပစ္စည်းများအပေါ် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နေ့စဉ်ထုတ်ပြန်လျက်ရှိသည့် ရည်ညွှန်းငွေလဲလှယ်နှုန်း (Reference Rate) တစ်ဒေါ်လာ ကျပ် ၂,၁၀၀ ကို အခြေခံသည့် အပတ်စဉ်နိုင်ငံခြားငွေလဲလှယ်နှုန်း (Weekly Exchange Rate)ဖြင့် အခွန်စည်းကြပ်ကောက်ခံမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ခဲ့သည်။
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၉၀/၂၀၂၄) ကို ဤအမိန့်ကြော်ငြာစာဖြင့် ပယ်ဖျက်လိုက်ပြီး ယခုထုတ်ပြန်သည့် အမိန့်ကြော်ငြာစာအမှတ် (၈/၂၀၂၅ )သည် ၂၀၂၅ ခုနှစ် ဇန်နဝါနရီ ၂၅ ရက်မှစတင်၍ အကျိုးသက်ရောက်မှုရှိစေမည်ဖြစ်သည်။
ဈေးကွက်ငွေလဲလှယ်နှုန်း (Market Trading Rate) သည် ၃,၅၉၀ ဝန်းကျင်ဖြစ်၍ ယခင်ရည်ညွှန်းငွေလဲလှယ်နှုန်း (Reference Rate) အတိုင်း တစ်ဒေါ်လာ ၂,၁၀၀ ဖြင့် ပြန်လည်ကောက်ခံမည်ဖြစ်၍ လုပ်ငန်းရှင်များအနေဖြင့် အခွန်ပေးဆောင်ရာတွင် တစ်ဒေါ်လာလျှင် ကျပ် ၁,၄၀၀ ကျော်အထိ ပြန်လည်သက်သာလာမည်ဖြစ်သည်။