၂၆. ၁. ၂၀၂၅
Written by Nay Moe
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာရပ်ကွက် အကွက်မှုးဖြစ်သူ ရာအိမ်မှူး ဦးဝင်းဦးအား PDF နှစ်ဦးက ပစ်ခတ်သတ်ဖြတ်မှု ယနေ့ဖြစ်ပွားခဲ့သလို ဦးဝင်းဦးနှင့် အတူထိုင်နေသူ အမျိုးသားတစ်ဦးမှာလည်း ပခုံးကျည်ဖောက်ဝင်ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့သည်ဟု သိရသည်။
ဖြစ်စဉ်မှာ ယနေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်က အသက် ၅၃ နှစ်ခန့်အရွယ် ရာအိမ်မှူး ဦးဝင်းဦးသည် ရပ်ကွက်အတွင်းရှိ အောင်ကျော်စိုး ကွမ်းယာဆိုင်၌ ကွမ်းထုပ်ပြီး ခုံတန်း၌ ထိုင်နေစဉ် 110 ဆိုင်ကယ်ဖြင့် PDF အမျိုးသား ၂ ဦးသည် ၄၅ လမ်းအတိုင်း တောင်မှမြောက်သို့မောင်းလာပြီး ၄၅ လမ်းနှင့် ၁၀၇ လမ်းထောင့် အရောက်တွင် ကွမ်းယာဆိုင်ထိုင်ခုံ၌ ထိုင်နေသည့် ဦးဝင်းဦးအား သေနတ်ဖြင့် ဆိုင်ကယ်နောက်မှထိုင်လိုက်လာသောသူက ပစ်ခတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပစ်ခတ်မှုကြောင့် ဦးဝင်းဦးတွင် ယာဘက်လည်ပင်းမှ ဝဲဘက်လည်ပင်းပေါက်ထွက် ဒဏ်ရာ ၁ ချက်ရရှိခဲ့ပြီး ၎င်းနှင့်အတူထိုင်နေသည့် အသက် ၃၅ နှစ်ခန့်အရွယ် စတီးအလှဆင်လုပ်ငန်းလုပ်ကိုင်သူ ကိုသူရိန်ဝင်း(ခ)ပြေကြီးတွင် ယာဘက်ပခုံး ဖောက်ဝင်ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရသည်။
ထိမှန်ဒဏ်ရာရရှိသူ ၂ ဦးအား မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရာ ၁၁ နာရီခွဲအချိန်တွင် ဦးဝင်းဦးမှာ ရရှိ ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ပြီး ကိုသူရိန်ဝင်း(ခ)ပြေကြီးမှာ ဆေးကုသမှုခံယူလျှက်ရှိကြောင်း သိရသည်။
အဆိုပါ သတ်ဖြတ်မှုကို PDF များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး PDF ထောက်ခံသူများက ဦးဝင်းဦးကို ပျူစောထီး၊ ဒလန် အရှင်းခံရသည်ဟု ရေးသားကာ ကျည်ထိမှန်သူ ကိုသူရိန်ဝင်းကိုလည်း ပြစ်မှုကျူးလွန်သူဟု စွပ်စွဲရေးသားနေသည်ကို တွေ့ရသော်လည်း ကျူးလွန်သည့် PDF အဖွဲ့ကမူ ဝန်ခံချက် ထုတ်ပြန်လာခြင်းမရှိသေးချေ။