၂၆.၁.၂၀၂၅
Written by Hey Mar
ရန်ကုန်မြို့ ၊ ရွေပေါက္ကံ (၁၁)ရပ်ကွက်က ကလေးပျောက်နေကြောင်း လူမှုကွန်ရက်ပေါ်တင်ကာ ရှာဖွေနေတဲ့ အသက် ငါးနှစ်အရွယ် သားငယ် ပျောက်ဆုံးပြီး ရှစ်ရက်မြောက်နေ့မှာ အိမ်အနီး ရေကာတာအတွင်း ရေနစ်သေဆုံးလျှက်သား ဒီနေ့ ဇန်နဝါရီ၂၆ ရက်နေ့ မနက်ပိုင်းက ပြန်လည်တွေ့ရှိတယ်လို့ မြေပြင်အကူအညီ သွားရောက်ခဲ့တဲ့ ထာဝရ အလင်းတန်း လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
ပျောက်ဆုံးရာက ရေနစ်သေဆုံးခဲ့တဲ့ အသက် (၅)နှစ်အရွယ် မောင်ဖြိုးသီဟဇော်တို့ မိသားစုက ရွှေပေါက္ကံ (၁၁) ရပ်ကွက်မှာ အဆောင်ငှားရမ်းနေထိုင်ပြီး မောင်ဖြိုးသီဟဇော်က တစ်ဦးတည်းသောသားလို့ သိရပါတယ်။
“မိဘတွေက အလုပ်သွားရင် သူ့ကို မူကြိုပို့ထားခဲ့တာ။ ပျောက်တဲ့နေ့ စနေနေ့ကတော့ ကျောင်းပိတ်တော့ အိမ်မှာ တစ်ဦးတည်းကျန်ခဲ့တာ။ အရင်ကလည်း ဒီလိုပဲ အဆောင်မှူးဆီအပ် အဆောင်မှူးက ထမင်းကျွေးပေးကြည့်ပေးတာပေါ့။ အဲ့ဒီနေ့က နည်းနည်း မျက်ခြည်ပြတ် သတိလစ်ချိန်၊ နေ့လည်စာစားချိန်မှ လာမစားလို့ အဆောင်မှူးက ကစားနေတဲ့နေရာ သွားကြည့်၊ သွားခေါ်တော့ ကလေးပျောက်နေမှန်းသိတာ” လို့ ရပ်ကွက်နေပြည်သူတစ်ဦးက MT News ကို ပြောပြပါတယ်။
ပျောက်ဆုံးနေတာက ဇန်နဝါရီလ ၁၈ ရက်နေ့ကတည်းကဖြစ်ပြီး အဲ့ဒီနေ့ကလည်း အဲဒီရေကာတာနား သွားရောက်ရှာဖွေပေမယ့် မတွေ့ခဲ့ကြဘဲ ဒီနေ့မှာတော့ အပင်တွေ နွံတွေကြားကနေ ပြန်လည်ရှာဖွေ တွေ့ရှိတာလို့ သိရပါတယ်။ သေဆုံး ကလေးငယ်ရဲ့ ရုပ်အလောင်းကို မြောက်ဥက္ကလာအခြေစိုက် ထာဝရအလင်းတန်း လူမှုကူညီရေးအသင်းက သယ်ဆောင်ကာ မေဓာဝီဆေးရုံဆီ ပို့ဆောင်ပေးခဲ့ရာမှာ ဆေးရုံက PR(86)နဲ့ လက်ခံထားတယ်လို့ သိရပါတယ်။