၂၆. ၁. ၂၀၂၅
Written by Nay Moe
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ထဲကနေတစ်ဆင့် ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်တက်ပြီး ခရီးသွားပြည်သူတွေကို တားဆီးစစ်ဆေးဖမ်းဆီးနေတဲ့ PDF စခန်းချရာ ဆင်းဂွတ်ကျေးရွာက PDF စခန်းကို ဒီမနက် ၇ နာရီကျော်အချိန် လေကြောင်းတိုက်ခိုက်မှုမှာ PDF ၂၀ ခန့် သေဆုံးခဲ့သလို ဒဏ်ရာရသူလည်း များပြားခဲ့တယ်လို့ ကနဦးသိရပါတယ်။
“ဆင်းဂွတ်ရွာက မြင်းခြံနဲ့ဆို ၁၂ မိုင်၊ ၁၃ မိုင်လောက်ပဲဝေးတာ။ အဲဒီရွာကနေ အမြန်လမ်းကို တက်ရင် ၂ နာရီလောက်ပဲသွားရတယ်။ PDF အခြေပြုစခန်းက ရွာထဲမှာပဲ။ အဲဒီရွာထဲက စာသင်ကျောင်းမှာ စခန်းချထားတာ။ ရွာမှာက PDF တွေပဲ Starlink ရှိတာဆိုတော့ PDF တွေနဲ့ ဆက်နွှယ်ပေါင်းသင်းနေတဲ့သူတွေက အင်တာနက်သွားသုံးနေချိန် လူစုလူဝေးလိုက်ရှိနေချိန် လေယာဥ်နှစ်စီးနဲ့လေကြောင်း တိုက်ခိုက် ချေမှုန်းခံလိုက်ရတာ” လို့ ဒေသအခြေအနေကိုသိတဲ့ MT News ရဲ့ သတင်းရင်းမြစ်က ကနဦးသိရတဲ့အခြေအနေကို ရှင်းပြပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဩဂုတ် ၁၀ ရက်ကစ ဖော်ဆောင်ခဲ့တဲ့မြင်းခြံခရိုင်အထူးစစ်ဆင်ရေး လုပ်ဆောင်ရာမှာ မြင်းခြံနဲ့ နွားထိုးကြီးက PDF တွေဟာ အမြန်လမ်းပေါ်အထိတက်ပြီး တိုက်ခိုက်ဖမ်းဆီးမှုလုပ်ဆောင်တာကြောင့် တပ်မတော်ယာဥ်တန်းတွေ၊ အမြန်လမ်းပေါ်က ရဲကင်းစခန်းတွေကို ဗုံးကြဲတိုက်ခိုက်တာ၊ ဒရုန်းနဲ့တိုက်ခိုက်တာအပြင် လက်နက်မဲ့မီးသတ်အရာရှိတစ်ဦး၊ တပ်မတော်အရာရှိမိသားစု စတဲ့သူတွေ ခရီးသွားပြည်သူတွေ ဖမ်းဆီးခံလိုက်ရတာကြောင့် တပ်မတော်ဘက်က ဒီလထဲမှာ အမြန်လမ်းပေါ် လုံခြုံရေးတင်းကျပ်ခဲ့သလို PDF စခန်းချထားရာရွာတွေကို စုံစမ်းရာမှာ ပြည်သူတွေရဲ့ တိကျတဲ့သတင်းပေးပို့မှုကြောင့် PDF တွေ အခြေချရာ ဆင်းဂွတ်ရွာစခန်းကို လေကြောင်းတိုက်ခိုက်နိုင်ခဲ့တာလို့ MT News ရဲ့ ကနဦးစုံစမ်းမှုတွေက သိရပါတယ်။
ဆင်းဂွတ်ကျေးရွာဟာ မြင်းခြံမြို့နယ်ထဲမှာပါဝင်ပြီး တလုတ်မြို့နဲ့ ဆီမီးခုံမြို့အလယ်ကြားတည့်တည့်လောက်မှာရှိတဲ့ လူဦးရေ ၁၂၀၀ ခန့်သာရှိတဲ့ ကျေးရွာလို့လည်း သိရပါတယ်။
“ဒီဘက်က ရွာတွေမှာက ရွာထဲမှာ တပ်မတော်ထောက်ခံသူရှိရင် မထောက်ခံသူတွေက မိသားစုလိုက်သတ်ဖြတ်ပြီး ပိုင်ဆိုင်မှုသိမ်းယူပြီး တပ်မတော်မထောက်ခံတဲ့ရွာအဖြစ် ပုံစံပြောင်းသွားသလို PDF တွေကလည်း ရွာထဲတင်ပေါ်တင်စခန်းချထားတယ်။ ပြောရမယ်ဆို နယ်တွေမှာက PDF ရွာနဲ့ ပြည်သူ့စစ်ရွာ ဆိုပြီး နှစ်မျိုးနှစ်စားပုံစံဖြစ်နေတာပေါ့။ အခုကလည်း ဆင်းဂွတ်က PDF ကပဲ ရွာကိုထိန်းချုပ်ထားပြီး သူတို့ထောက်ခံသူတွေချည်းနေတဲ့ PDF ရွာဖြစ်နေတာပေါ့။ အခုကတော့ စာသင်ကျောင်းထဲအခြေစိုက်ထားတဲ့ PDF စခန်းသီးသန့် တိုက်ခိုက်ခံလိုက်ရတာ”လို့ လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးကလည်း ဒေသအခြေအနေအပေါ် ရှင်းပြပါတယ်။
ဒီဖြစ်စဥ်မှာ သေဆုံးသူတွေမှာ ပကဖခေါင်းဆောင်တစ်ဦးအပါအဝင် PDF ၁၅ ဦးထက်မနည်းသေဆုံးတယ်လို့ပဲ သိရသေးပြီး အသေးစိတ်ဖြစ်စဥ်ကိုတော့ မြင်းခြံနဲ့နွားထိုးကြီးအခြေပြု PDF အဖွဲ့အစည်းတွေက ထုတ်ပြန်မှုမရှိသေးတာကြောင့် ဘယ် PDF အဖွဲ့က ဘယ်လောက်သေပြီး မဆိုင်သူဘယ်လောက်ထိတယ်ဆိုတာလည်း မသိရသေးပါဘူး။