MT News
၂၆. ၁. ၂၀၂၅
သတ္တရသမမြောက်( ၁၇ ပါးမြောက်) တိပိဋကဓရ တိပိဋကကောဝိဒဘွဲ့တံဆိပ်တော်ဆွတ်ခူးနိုင်ခဲ့သည့်ဆရာတော် အဒ္ဒန္တသေဋ္ဌဉာဏာလင်္ကာရအား SAC ဥက္ကဋ္ဌက ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာ ဆက်ကပ်ခဲ့သည်ဟု သိရသည်။
ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူသတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှ (၇၇)ကြိမ်မြောက်တိပိဋကဓရတိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲတွင် တိပိဋကဓရ တိပိဋကကောဝိဒ ဘွဲ့တံဆိပ်တော်မြတ် အလှူခံရရှိတော်မူမည့် ဘဒ္ဒန္တသေဋ္ဌဉာဏာလင်္ကာရဆရာတော်ထံသို့ ပေးပို့ဆက်ကပ်သည့် ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာကို ယနေ့တွင် သာသနာရေးနှင့် ယဥ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်ဦးလွင်က လှူဖွယ်ပစ္စည်းများနှင့်အတူ လာရောက်ဆက်ကပ်ခဲ့ခြင်းလည်းဖြစ်သည်။
SAC ဥက္ကဋ္ဌ၏ တိပိဋကဓရ တိပိဋကကောဝိဒ ဘွဲ့တံဆိပ်တော်မြတ် အလှူခံရရှိတော်မူမည့် ဘဒ္ဒန္တသေဋ္ဌဉာဏာလင်္ကာရဆရာတော်ထံ ဝမ်းမြောက်စွာလျှောက်ထားသည့် သဝဏ်လွှာတွင် ယခုနှစ် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကို ယမန်နှစ်ကုန်ပိုင်းနှင့် ယခုနှစ် နှစ်ဦးအစတွင် ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေ ဆဋ္ဌသင်္ဂါယနာမဟာပါသာဏလိုဏ်ဂူသိပ်တော်ကြီးတွင် ကျင်းပနေကြောင်း သိရှိရပြီး တပည့်တော်အနေဖြင့် မြန်မာနိုင်ငံတွင်သာမက ကမ္ဘာပေါ်တွင် အဆင့်မြင့်ဆုံး ရက်အရှည်ဆုံး ကျင်းပသည့် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးတွင် တိပိဋကဓရ ဘွဲ့တံဆိပ် တော်ရ တိပိဋကကောဝိဒ ဘွဲ့တံဆိပ်တော်ရဆရာတော်များ ပေါ်ထွန်းစေချင်သည့် ဆန္ဒရှိပါကြောင်း ဖော်ပြထားသည်။
ထို့ကြောင့်ပင် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးအဖွဲ့ ဆရာတော်ကြီးများ အပြီးသတ်ဆုံးဖြတ်၍ ထုတ်ပြန်လာမည့် အောင်စာရင်း စောင့်မျှော်နေခဲ့ရာ ဆရာတော်
ဘဒ္ဒန္တသေဋ္ဌဉာဏာလင်္ကာရဆရာတော်သည် ယခုနှစ် (၇၇)ကြိမ်မြောက် ကျင်းပသော စာမေးပွဲကြီးတွင် အဘိဓမ္မာ(နောက်ပိုင်း)ဖြစ်သော ယမကနှင့် ပဋ္ဌာန ဟူသော ခက်ခဲနက်နဲလှသော ကျမ်းနှစ်ဆူ၏ ခဲရာခဲဆစ် သဘောအဓိပ္ပာယ်များကို အောင်မြင်စွာ ဖြေဆိုနိုင်ခဲ့သဖြင့် တိပိဋကဓရ တိပိဋကကောဝိဒဘွဲ့တံဆိပ်တော်၊ အောင်လက်မှတ်၊ အရိုးဝါကနက္ကဒဏ် ထီးဖြူတော်(၃)လက်အမှတ်တံဆိပ်ပါ သာသနာ့အောင်လံတော်ကို ခံယူရရှိမည် ဖြစ်သောကြောင့် အတိုင်းမသိ ဂုဏ်ယူဝမ်းမြောက်ကာ ဖရဏာပီတိဂွမ်းဆီထိသကဲ့သို့ ခံစားရပါသည်ဘုရားဟုလည်း ဖော်ပြထားသည်။
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနရှိ အချက်အလက်များအရ ဆရာတော်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၊ ရွာစုကြီးရွာတွင် ဖွားမြင်တော်မူခဲ့ကြောင်း၊ ၁၃၆၁ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ (၇)မိုင်၊ စော်ဘွားလေးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဣန္ဒာစာရကို ဥပဇ္ဈာယ်ပြု၍ မြင့်မြတ်သောရဟန်းအဖြစ်သို့ ရောက်ရှိတော်မူခဲ့ကြောင်း၊ ဆရာတော်သည် ဂဏဝါစကသာမဏေကျော်၊ ပရိယတ္တိသာသနာလင်္ကာရ သာမဏေကျော်၊ ပရိယတ္တိသဒ္ဓမ္မရက္ခိတ သာမဏေကျော်၊ မင်္ဂလာဗျူဟာသာမဏေကျော်၊ ပရိယတ္တိသာသနဟိတသာမဏေကျော်များ၊ ၁၃၆၁ ခုနှစ်တွင် ပထမကြီးတန်း (ရန်ကုန်တိုင်းဒေသကြီး ပထမ၊ တစ်နိုင်ငံလုံးဒုတိယ) သာသနဓဇဓမ္မာစရိယ၊ နိကာယုဇ္ဇောတက ဝိနယဓရဓမ္မာစရိယ၊ နိကာယုဇ္ဇောတက အတ္ထဝိသာရဒ ဒီဃဘာဏက၊ နိကာယဝုနိသမိတိ ဝိနယ ကောဝိဒ၊ နိကာယဝု(သပိတိ ဒီဃနိကာယကောဝိဒ၊ ပရိယတ္တိသာသန ဟိတဝိနယဓရ၊ ပရိယတ္တိ သာသနဟိတ ဒီဃဘာဏက၊ ကျောင်းတိုက်စာမေးပွဲ မဟာဂန္ထဝံသဒီဃာဂမ၊ မဟာဂန္ထဝံသ မူလ အဘိဓမ္မာဂမ၊ ဝိနယဝိဒူ၊ ဒီဃနိကာယဝိဒူ၊ အဘိဓမ္မဝိဒူ-၁/၂၊ ဝိနယဓရ၊ ဝိနယကောဝိဒ၊ ဒီဃ ဘာဏက၊ ဒီဃနိကာယကောဝိဒ၊ မူလအာဘိဓမ္မိက၊ မူလအဘိဓမ္မကောဝိဒစသည့် ဘွဲ့တော်များ အောင်မြင်ရှိတော်မူပြီး ဆက်လက်၍ အားထုတ်တော်မူရာ ၁၃၇၉ ခုနှစ် ကျင်းပသော အကြိမ်(၇၀)မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး စာမေးပွဲတွင် သင်ရိုးပိဋကတ်သုံးပုံဟု ဆိုအပ်သော ဝိနည်းငါးကျမ်း၊ သုတ်သုံးကျမ်း၊ အဘိဓမ္မာခုနစ်ကျမ်းတို့ကို ခက်ခဲနက်နဲစွာ လေ့လာ ကျက်မှတ်၍ သတ်မှတ်အချိန် သတ်မှတ်ရက်အတွင်း သတ်မှတ်စာမျက်နှာ သတ်မှတ်ကျမ်းစာများကို အာဂုံပြန်ဆိုနိုင်ခဲ့ပြီး အာဘိဓမ္မိကဘွဲ့တံဆိပ်တော်နှင့် တိပိဋကဓရဘွဲ့တံဆိပ်တော်တို့ကို ရရှိတော်မူခဲ့ကြောင်း သိရှိရပါသည်ဘုရားဟုလည်း ဂုဏ်ပြုဖော်ပြထားသည်။
ထို့အပြင် တပည့်တော်များ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက် ယခုနှစ်ကျင်းပသော (၇၇)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် သင်ရိုးပိဋကတ်တော်များ၏ အဖွင့်ကျမ်းများဖြစ်သော အဋ္ဌကထာ၊ ဋီကာ၊ အနုဋီကာ၊ ယောဇနာ၊ ဂဏ္ဌိ၊ နိဿယများလာ ခက်ခဲနက်နဲသော သဘောအဓိပ္ပာယ်တို့ကို ဆရာတော်၏ သဒ္ဓါစွမ်းအား၊ သတိစွမ်းအား၊ သမာဓိ စွမ်းအား၊ ပညာစွမ်းအားတို့ဖြင့် ဖြေဆိုအောင်မြင်ခဲ့ပြီးဖြစ်၍ နိုင်ငံတော်မှဆက်ကပ်သော တိပိဋကဓရ တိပိဋကကောဝိဒဘွဲ့တံဆိပ်တော်ကို အလှူခံရရှိတော်မူမည်ဖြစ်ရာ ဆရာတော်သည် ပရိယတ္တိ သာသနာတော်အတွက် တပည့် ရဟန်း သံဃာများအား စာပေပို့ချခြင်းစသော သာသနာပြု လုပ်ငန်းများ ကျန်းမာချမ်းသာစွာဖြင့် ဆောင်ရွက်တော်မူနိုင်ပါမည့်အကြောင်း ယခုကဲ့သို့ တိပိဋကဓရ တိပိဋကကောဝိဒဘွဲ့တံဆိပ်တော် ဆွတ်ခူးရရှိတော်မူသဖြင့် (၁၇)ပါးမြောက် တိပိဋကဓရ တိပိဋကကောဝိဒ သာသနာ့အာဇာနည်အဖြစ် ပေါ်ထွန်းလာခြင်းကိုလည်း အထူးပင် ဂုဏ်ယူဝမ်းမြောက်ကြောင်း ထပ်လောင်း လျှောက်ထားအပ်ပါသည်ဘုရားဟု SAC ဥက္ကဋ္ဌ၏ ဂုဏ်ယူဝမ်းမြောက်စွာ ဆက်ကပ်သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။