MT News
၂၆. ၁. ၂၀၂၅
၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၅ ရက်အထိ ၃၃ ရက်တိုင်တိုင် ကျင်းပခဲ့သော (၇၇) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲကြီးမှ တိပိဋကဓရ တိပိဋကကောဝိဒ သာသနာ့အာဇာနည် ဆရာတော်တစ်ပါး ပေါ်ထွန်းလာခဲ့ပြီဖြစ်ကြောင်းသိရသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်က ကျင်းပခဲ့သည့် (၇၆) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး စာမေးပွဲကြီးတွင်လည်း တိပိဋကဓရ တိပိဋကကောဝိဒ သာသနာ့အာဇာနည် ဆရာတော်တစ်ပါးထွက်ပေါ်ခဲ့၍ နှစ်နှစ်ဆက်တိုက် သာသနာ့အာဇာနည်ဆရာတော်များ ထွက်ပေါ်လာခဲ့ခြင်းလည်းဖြစ်သည်။
(၇၇) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးမှ ထွက်ပေါ်လာသော (၁၇) ပါးမြောက် သာသနာ့အာဇာနည်ဆရာတော်မှာ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ တိပိဋက မဟာဂန္ထဝင်နိကာယ်ကျောင်းတိုက်မှ အရှင်သေဋ္ဌဉာဏာလင်္ကာရ၊ သက်တော် ၄၅ နှစ်၊ သိက္ခာ ၂၃ ဝါ ဖြစ်သည်။
ယမန်နှစ်က ပေါ်ထွန်းခဲ့သည့် (၁၆) ပါးမြောက် သာသနာ့အာဇာနည် ဆရာတော်မှာ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ တိပိဋကနိကာယကျောင်းတိုက်မှ အရှင်ပညာသိရီ လင်္ကာရဖြစ်သည်။
မြန်မာသက္ကရာဇ် ၁၃၁၀ ပြည့်နှစ် (ခရစ်နှစ် ၁၉၄၈ ခုနှစ်) မှ စတင်ကျင်းပလာခဲ့သည့် တိပိဋကဓရ တိပိဋက ကောဝိဒ ရွေးချယ်ရေးစာမေးပွဲသည် ၃၃ ရက်ကြာမြင့်အောင် ဖြေဆိုကြရခြင်းဖြစ်ရာ ကမ္ဘာပေါ်တွင် အရှည်ကြာဆုံးနှင့် အခက်ခဲဆုံးစာမေးပွဲတစ်ခုဖြစ်သည်။
တိပိဋကဓရ ခေါ် ပိဋကတ်သုံးပုံကို နှုတ်ငုံဆောင်နိုင်သောစာမေးပွဲကို အောင်မြင်ရန်အတွက် ဝိနည်းနှစ်ကျမ်း (၈၅၁ မျက်နှာ)၊ ဝိနည်းသုံးကျမ်း (၁၄၀၉ မျက်နှာ)၊ သုတ်သုံးကျမ်း (စာမျက်နှာ ၇၇၉ မျက်နှာ)၊ အဘိဓမ္မာအရှေ့ပိုင်း ငါးကျမ်း (စာမျက်နှာ ၁၃၉၀ မျက်နှာ)၊ အဘိဓမ္မာနောက်ပိုင်း (စာအုပ်ရေ ရှစ်အုပ်၊ စာမျက်နှာပေါင်း ၃၅၉၇ မျက်နှာ) စုစုပေါင်း ကျမ်းစာအုပ်ပေါင်း ၂၀၊ စာမျက်နှာပေါင်း ၈၀၂၆ မျက်နှာတို့ကို အပိုင်းငါးပိုင်းအနက် တစ်ပိုင်းချင်း အလွတ်နှုတ်ငုံဆောင် အာဂုံပြန်ဖြေဆိုကြရခြင်းဖြစ်သည်။ အာဂုံပြန်ဖြေဆိုရာတွင် အထစ်အငေါ့မရှိဖြေဆိုကြရပြီး စာထောက်စာမ ငါးကြိမ်ထက်ပိုပါက ကျရှုံးအဖြစ် သတ်မှတ်ခြင်းဖြစ်သည်။ သဘောရေးဖြေ ဖြေဆိုရာတွင်လည်း မူရင်းပါဠိတော်၊ မူရင်းပါဠိတော်၏ အဖွင့်အဋ္ဌကထာ၊ အဋ္ဌကထာ၏ အဖွင့်မူလဋီကာ၊ အနုဋီကာ၊ မဓုဋီကာ၊ ယောဇနာ၊ ဂဏ္ဍိကျမ်းများ၊ မြန်မာဘာသာဖြင့် ဖွင့်ဆိုရေးသားထားသည့် ဒီပနီကျမ်းများ၊ ဆိုရိုးကျမ်းများအရ ကောက်ကျမ်းများစသည်ဖြင့် ပိဋကတ်တော်နှင့် ဆက်စပ်သမျှ အနက်အဓိပ္ပာယ်အားလုံး မေးသမျှဖြေဆိုရသည့်အတွက် အောင်မြင်ရန်ခက်ခဲလှသော စာမေးပွဲပင် ဖြစ်သည်။
တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲကြီး၏ ခက်ခဲနက်နဲမှုကြောင့် စတင်ကျင်းပခဲ့သည့် ၁၃၁၀ ပြည့်နှစ်မှ ယခုအချိန်အထိ တိပိဋကဓရ တိပိဋကကောဝိဒ သာသနာ့ အာဇာနည် ဆရာတော်ကြီး ၁၇ ပါးမျှသာ ပေါ်ထွန်းနိုင်ခဲ့သည့်အနက် တတိယအကြိမ်မြောက်ကျင်းပသည့် တိပိဋကဓရရွေးချယ်ရေးစာမေးပွဲမှ ထွက်ပေါ်လာသည့် မင်းကွန်းဓမ္မနာဒဆရာတော် ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသ အရှင်သူမြတ်မှာ ပိဋကတ်သုံးပုံ အာဂုံနှင့် ရေးဖြေနှစ်ရပ်လုံးတွင် ဂုဏ်ထူးဖြင့် အထူးအောင်ခဲ့သည့် လွန်စွာထူးခြားသော ဆရာတော်ကြီးပင်ဖြစ်သည်။ ဆရာတော်ကြီး၏ ဉာဏ်ရည်ထက်မြက်မှု ဂုဏ်သတင်းမှာ ကမ္ဘာသို့ပင် ပျံ့နှံ့ကျော်ကြားခဲ့သည်။
မြန်မာနိုင်ငံ၏ ၁၇ ပါးမြောက် တိပိဋကဓရ တိပိဋကကောဝိဒ ဆရာတော် အရှင်သေဋ္ဌဉာဏာလင်္ကာရသည် စစ်ကိုင်း တိုင်းဒေသကြီး ရေဦးမြို့နယ် ရွာဗုကြီးရွာ ခမည်းတော် ဦးတင်စော- မယ်တော် ဒေါ်အုံးခတို့မှ ၁၃၄ဝ ပြည့်နှစ် တပေါင်းလပြည့်ကျော် ၄ ရက် (သောကြာနေ့)တွင် ဖွားမြင် သော သားရတနာ ဖြစ်သည်။ ဥပသမ္ပဒမင်္ဂလာ ၁၃၆၁ ခုနှစ် တန်ခူးလပြည့်ကျော် ၁၁ ရက် (တနင်္ဂနွေနေ့)တွင် ၇ မိုင် စော်ဘွားလေးကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တဣန္ဒာစာရကို ဥပဇ္ဈာယ်ပြုလျက် ရဟန်းအဖြစ်သို့ ရောက်ရှိခဲ့သည်။
အရှင်သေဋ္ဌဉာဏာလင်္ကာရသည် ဂဏဝါစကသာမဏေကျော်၊ ပရိယတ္တိသာသနာလင်္ကာရသာမဏေကျော်၊ ပရိယတ္တိသဒ္ဓမ္မ ရက္ခိတ သာမဏေကျော်၊ မင်္ဂလာဗျူဟာသာမဏေကျော်၊ ပရိယတ္တိသာသနဟိတသာမဏေကျော်ဘွဲ့များ၊ ၁၃၆၁ ခုနှစ် ပထမကြီးတန်း (ရန်ကုန်တိုင်းဒေသကြီး ပထမ၊ တစ်နိုင်ငံလုံး ဒုတိယ)သာသနဓဇဓမ္မာစရိယ၊ နိကာယုဇ္ဇောတက ဝိနယဓရ ဓမ္မာစရိယ၊ နိကာယုဇ္ဇောတကအတ္ထဝိသာရဒ ဒီဃဘာဏက၊ နိကာယဝုဍ္ဎိသမိတိဝိနယကောဝိဒ၊ နိကာယဝုဍ္ဎိသမိတိ ဒီဃနိကာယကောဝိဒ၊ ပရိယတ္တိသာသနဟိတဝိနယဓရ၊ ပရိယတ္တိသာသန ဟိတဒီဃဘာဏက၊ ကျောင်းတိုက်စာမေးပွဲ မဟာဂန္ထဝံသဒီဃာဂမ၊ မဟာ ဂန္ထဝံသ မူလအဘိဓမ္မာဂမ၊ ဝိနယဝိဒူ၊ ဒီဃနိကာယဝိဒူ၊ အဘိဓမ္မဝိဒူ-၁/၂၊ ဝိနယဓရ၊ ဝိနယကောဝိဒ၊ ဒီဃဘာဏက၊ ဒီဃနိကာယကောဝိဒ၊ မူလ အာဘိဓမ္မိက၊ မူလအဘိဓမ္မကောဝိဒနှင့် နိကာယ်စာမေးပွဲ စသည့် ခက်ခဲလှသော စာမေးပွဲ အသီးသီးတို့ကိုလည်း အောင်မြင်ခဲ့သည်။
ထို့အပြင် ၁၃၇၉ ခုနှစ် အကြိမ်(၇ဝ)မြောက် တိပိဋကဓရ၊ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ အာဂုံပြန်ဆိုပွဲတွင် အဘိဓမ္မပိဋက အဘိဓမ္မာဒုတိယပိုင်း နှစ်ကျမ်း အာဂုံပြန်ဆိုပွဲ၌ ပြန်ဆိုအောင်မြင်သောကြောင့် အာဘိဓမ္မိက (တိပိဋကဓရ) ဘွဲ့တံဆိပ်တော်၊ ၎င်းအောင်လက်မှတ်နှင့် အရိုးနီကနက္ကဒဏ်ထီးဖြူတော် သုံးလက်တံဆိပ်ပါရှိသော သာသနာ့အောင်လံတော်တို့ကို ခံယူရရှိတော် မူခဲ့ပြီး ယခုအခါ (၇၇)မြောက် တိပိဋကဓရ၊ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ သဘောရေးဖြေ စာမေးပွဲတွင် အဘိဓမ္မပိဋက အဘိဓမ္မာဒုတိယပိုင်း နှစ်ကျမ်း ပါဠိတော် အဋ္ဌကထာ ဋီကာ ရေးဖြေ အောင်မြင်ပြီးဆုံးပြီဖြစ်သဖြင့် တိပိဋကဓရ တိပိဋကကောဝိဒဘွဲ့တံဆိပ်တော်၊ ၎င်းအောင်လက်မှတ်နှင့် အရိုးဝါကနက္ကဒဏ်ထီးဖြူတော် သုံးလက်တံဆိပ် ပါရှိသော သာသနာ့အောင်လံတော်တို့ကို အလှူခံရရှိတော်မူမည်ဖြစ်သည်ဟု သိရသည်။
သတင်း၊ ဓာတ်ပုံ – တိပိဋက မဟာဂန္ထဝင်နိကာယ်ကျောင်းတိုက်