October 23, 2024

၁၃. ၁. ၂၀၂၃
Written by Ye Kyaw

ဈေးကစား၍ ရွှေဈေးနှုန်းဆွဲတင်သူများကို အရေးယူမည်ဟု သတိပေးပြီးနောက် ရန်ကုန်တိုင်း‌ရွှေအသင်း (YGEA) သတ်မှတ်ရည်ညွှန်းဈေးနှုန်း ယနေ့တွင် ကျပ် ၂,၂၃၀,၀၀၀ ကျော်အထိ မြင့်တက်ခဲ့၍ ပြင်ပ‌ဈေးကွက် ရွှေဈေးနှုန်းမှာလည်း တစ်ပတ်အတွင်း ကျပ် ၉၀,၀၀၀ ကျော် မြင့်လာသည့်အပြင် ဒေါ်လာဈေးနှုန်းလည်း လိုက်ပါမြင့်တက်ခဲ့သည်။

ဇန်နဝါရီ ၁၃ ရက် (သောကြာနေ့)တွင် ရန်ကုန်တိုင်းရွှေအသင်း (YGEA) ရည်ညွှန်းရွှေဈေးနှုန်း ကျပ် ၂,၂၃၀,၀၀၀ ကျော်အထိရှိလာပြီး ယခင်အပတ် သောကြာနေ့နှင့်နှိင်းယှဥ်ပါက ကျပ် ၆၀၀,၀၀၀ ကျော်မြင့်တက်ခဲ့ခြင်းဖြစ်သည်။ ထိုအတူ ယခင်တစ်ပတ် သောကြာနေ့တွင် ပြင်ပရွှေဈေးနှုန်း ကျပ် ၂,၇၄၀,၀၀ ရှိရာမှ ဇန်နဝါရီ ၁၃ ရက်တွင် ကျပ် ၂,၈၃၀,၀၀၀ အထိရှိလာပြီး ယခင်တစ်ပတ်နှင့်နှိင်းယှဥ်ပါက ကျပ် ၉၀,၀၀၀ ကျော်မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

ကမ္ဘာ့ရွှေဈေးနှုန်းသည်လည်း ယခင်တစ်ပတ်ထက် ဒေါ်လာ ၆၀ ဝန်းကျင်အထိ မြင့်တက်ခဲ့ပြီး ဇန်နဝါရီ ၁၃ ရက် နေ့လည်ပိုင်းတွင် ဒေါ်လာ ၁,၉၀၇ အထိ မြင့်တက်ခဲ့သည်။

ကမ္ဘာ့ရွှေဈေးနှုန်းနှင့် ပြည်တွင်းရွှေဈေးနှုန်းများ မြင့်တက်လာမှုကြောင့် ယခင်တစ်ပတ်တွင် ပြင်ပဈေးကွက်၌ တစ်ဒေါ်လာလျှင် ကျပ် ၂,၈၅၀ သာရှိခဲ့ရာမှ ဇန်နဝါရီ ၁၃ ရက်တွင် ကျပ် ၂,၈၈၀ အထိ မြင့်တက်မှုများ ရှိလာခဲ့ခြင်းဖြစ်သည်။

ရွှေဈေးနှုန်းအမှန်မှာ ကျပ် ၂၇ သိန်းအောက်သာရှိပြီး ဈေးကစား၍ ရွှေဈေးနှုန်း ဆွဲတင်နေသူများကို အရေးယူသွားမည်ဟု YGEA က ဇန်နဝါရီ ၁၁ ရက်တွင် ကြေညာခဲ့ပြီး သတင်းအဖြစ်အမှန်များကို ဌာနဆိုင်ရာများက စုံစမ်းစစ်ဆေးလျက်ရှိကာ အရေးယူဆောင်ရွက်သွားမည်ဖြစ်သဖြင့် ဈေးကစားသူများအနေဖြင့် ကောလဟာလများ လွှင့်ထုတ်ခြင်းနှင့် ဈေးကစားခြင်းများ မပြုလုပ်ကြရန်ပန်ကြားထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *