၂၅. ၁. ၂၀၂၅
Written by Nyein Kyaw
ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း သဘောတူညီထားသည့် G to G စနစ်ဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့ရမည့် ဆန်တန်ချိန်တစ်သိန်းအား လက်ရှိတွင် တန်ချိန်ငါးသောင်းကျော် တင်ပို့ထားပြီး လာမည့်ဖေဖော်ဝါရီ ပထမအပတ်အတွင်း အပြီးတင်ပို့သွားမည်ဖြစ် ကြောင်း ဇန်နဝါရီလ ၂၃ ရက်တွင် ထုတ်ပြန်သည့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ၂၀၂၄ ခုနှစ် နှစ်ပတ်လည်အစီရင်ခံစာတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တန်းမြင့်ဧည့်မထ (၅%) ဆန်အား တင်ပို့ရန်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ Directorate General of Food (Ministry of Food) နှင့် မြန်မာနိုင်ငံမှ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့အကြား ဆန်ရောင်းဝယ်မှုဆိုင်ရာ နှစ်ဖက်သဘောတူညီမှုအဖြစ် စတုတ္ထအကြိမ်မြောက် G to G MoU စာချုပ်အား ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်တွင် တန်ချိန် ၁၀၀,၀၀၀ သိန်း လက်မှတ်ရေးထိုးခဲ့သည်။
အဆိုပါစာချုပ်အရ မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တင်ပို့ခြင်းလုပ်ငန်းများအား မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ အသင်းဝင်ကုမ္ပဏီ ၃၄ ခုမှ စုစုပေါင်း ဆန်တန်ချိန် ၁၀၀,၀၀၀ ကို စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ရန်ကုန်နှင့် ပုသိမ်ဆိပ်ကမ်းများမှ တင်ပို့လျက်ရှိသည်။ လက်ရှိအချိန်အထိ ဆန်တန်ချိန်စုစုပေါင်း ၅၀,၅၀၀ တင်ပို့ပြီးစီးခဲ့ပြီး ဆက်လက်တင်ပို့ရန်ကျန် ဆန်တန်ချိန်များအား ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ပထမအပတ်အတွင်း အပြီးတင်ပို့သွားမည်ဖြစ်သည်။
မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ G to G MoU အရ တန်းမြင့် ဧည့်မထ (၅%) ဆန်အား ဆန်ရောင်းဝယ်မှုဆိုင်ရာ နှစ်ဖက်သဘောတူညီမှုများအနေဖြင့် ၂၀၁၇ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်တွင် တန်ချိန်တစ်သိန်း၊ ဒုတိယအကြိမ်အဖြစ် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၄ ရက်တွင် တန်ချိန်တစ်သိန်းနှင့် တတိယအကြိမ်အဖြစ် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၈ ရက်တွင် တန်ချိန်နှစ်သိန်း စုစုပေါင်းတန်ချိန်လေးသိန်းအား အောင်မြင်စွာ တင်ပို့နိုင်ခဲ့ပြီးဖြစ်သည်။